(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် )
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့မင်္ဂလာ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ကြသော သွေးချင်းသားချင်း ညီအစ်ကိုမောင်နှမ အားလုံးကောင်းကျိုး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
မြန်မာနိုင်ငံသည် ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ နိုင်ငံ၏သမိုင်းတစ်လျှောက် စည်းလုံးညီညွတ်စွာ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင် ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအား အင်္ဂလိပ်နယ်ချဲ့တို့မှ ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲခဲ့သဖြင့် ၁၈၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ရောက်ခဲ့ရပါသည်။
ပြည်ထောင်စုဖွားသွေးချင်းများသည် ဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပြန်လည်ရရှိစေရန် သွေးစည်းညီညွတ်မှုဖြင့် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ကြပါသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးရသည့်တိုင် ပြည်မကိုသာ လွတ်လပ်ရေးပေးကာ တောင်တန်းဒေသများကို ချန်လှပ်ထားရန်ကြံစည်၍ အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို လုပ်ဆောင်ခဲ့ကြပါသည်။ သို့သော်လည်း တောင်တန်းဒေသ၊ ပြည်နယ်ပြည်မမခွဲခြားဘဲ လွတ်လပ်ရေးကို တစ်ပေါင်းတစ်စည်းတည်း အတူရယူမည် ဟူသောသန္နိဋ္ဌာန်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး (၂၃)ဦးတို့က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် နေ့ နံနက်တွင် ပင်လုံမြို့၌ ပြည်ထောင်စုစာချုပ်ကြီးကို သမိုင်းဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးအတွက် အခြေခံဖြစ်သော သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဟုသတ်မှတ်၍ နှစ်စဉ်ပြည်ထောင်စုနေ့ အခမ်းအနားများကို ကျင်းပခဲ့သည်မှာ (၇၈)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား
မိမိတို့နိုင်ငံ၏ ထူးခြားသော ဝိသေသမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်သည် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ပေါင်းစည်းနေထိုင် ကြခြင်းပင်ဖြစ်ပါသည်။ နေရာဒေသအသီးသီးရှိ တိုင်းရင်းသား ပြည်သူ များအချင်းချင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ် တရားလေးပါးဖြင့် နေထိုင်ဆက်ဆံကြမည်ဆိုပါက အေးချမ်းသာယာ သောလူ့ဘောင်လောကကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ အလားတူပင် နိုင်ငံသားတိုင်း ဝံသာနုရက္ခိတ တရားတည်းဟူသော မိမိနိုင်ငံနှင့် လူမျိုးကို အစဉ်စောင့်ရှောက်လိုစိတ်၊ အမျိုးဂုဏ်ဇာတိဂုဏ်နှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်တို့ကိုအခြေခံပြီး အေးအတူပူအမျှ ချစ်ကြည်စွာ ပေါင်းစု နေထိုင်သွားကြမည်ဆိုပါက ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲနေမည်သာဖြစ်ပါသည်။
ရှေးမြန်မာမင်းများနှင့် ဘိုးဘွားဘီဘင်များထံမှ အမွေအနှစ်အဖြစ်ရရှိထားသော ပြည်ထောင်စုနယ်နိမိတ် မပျောက်ပျက်စေရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ မွေးရာပါ တာဝန်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စုသားအားလုံးက “ပြည်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား၊ ဗြဟ္မစိုရ်တရားနှင့် စစ်မှန်သော မျိုးချစ်စိတ်များဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်အောင် အကောင်အထည်ဖော်ကြရန်” တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြသော ညီရင်းအစ်ကို၊ မောင်ရင်းနှမများ ဖြစ်ကြပါသည်။ မွေးဖွားရာ ဇာတိ၊ နေထိုင်ရာဒေသ၊ ကြီးပြင်းရာဝန်းကျင်၊ ကိုးကွယ်ရာဘာသာ၊ ပြောဆိုရာစကားနှင့် မြတ်နိုးရာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းများ မတူကွဲပြားသော်လည်း ပြည်ထောင်စုသားသွေးချင်းများ ဖြစ်သည် ဟူသော အသိစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစားကာ စည်းလုံးညီညွတ်မှု အစဉ်အလာကောင်းများဖြင့် ချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်လာခဲ့ ကြပါသည်။
တိုင်းရင်းသားများ၏ ပင်ကိုစိတ်ရင်းတွင် အေးချမ်းစွာနေထိုင် စားသောက်လိုစိတ်၊ ကိုယ်ချင်းစာစိတ်နှင့် အချင်းချင်းရိုင်းပင်းကူညီလိုစိတ် အပြည့်ရှိကြပြီး ပကတိရိုးသားဖြူစင်သော စိတ်ထားရှိကြပါသည်။ ကိုလိုနီနယ်ချဲ့ တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် ယနေ့အချိန်ထိ တိုင်းရင်းသားညီနောင်အချင်းချင်းအကြား လက်နက်ကိုင် ပဋိပက္ခများဖြင့် မတည်ငြိမ်မအေးချမ်းဖြစ်နေရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခေတ်အဆက်ဆက် ဆောင်ရွက် ခဲ့ကြရပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ချုပ်ဆိုကာ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိပါသည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း ကိုယ်စီ၏ လိုလားချက်များကို လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့် တောင်းဆိုခြင်းမှာ မှားယွင်းသောလမ်းစဉ်ဖြစ်၍ မှန်ကန်သည့်ကောင်းကျိုးရလဒ်များရရှိနိုင်မည် မဟုတ်သည့်အတွက် မိမိတို့ တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်း နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေး တံခါးကို အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိပါသည်။ ဒေသခံတိုင်းရင်းသားများကလည်း လက်နက်ကိုင်အဖွဲ့အစည်း များအား မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေး အားပေးဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါသည်။ သို့ဖြစ်၍ “လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်း ဆောင်ရွက်ရေး”ကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား
စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသော နိုင်ငံသည် အမြဲထာဝရဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပြီး စည်းလုံးညီညွတ် မှုမရှိပါက နိုင်ငံမှာ ရေနစ်ဆားကဲ့သို့ ပျက်စီးပျောက်ကွယ်သွားမည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ တွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးပင် ဖြစ်ပါသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများနှင့် ပဋိပက္ခများကိုဖြေရှင်းရာတွင် ပြည်ပနိုင်ငံအချို့က ပြည်တွင်း ပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေထိဖြစ်ပေါ်အောင် ဖန်တီးနေကြပါသည်။ တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ပါဝင်ပတ်သက် ဝင်ရောက်စွက်ဖက်လာနိုင်သည်ကို သတိပြုကြ ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးစေရန်နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူအပေါင်း စည်းလုံးညီညွတ်စွာဖြင့် အကြမ်းဖက်မှုများကို တားဆီးဟန့်တားကြရန် လိုအပ်ပါသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက တာဝန်ရှိသော အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ စိတ်တူကိုယ်တူတစ်သားတည်းရှိနေကြမှသာ မြန်မာ နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ “ပြည်ထောင်စုတိုင်းရင်းသားအားလုံး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန်” တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီး ပါတီစုံ ပါဝင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်တွင် အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ရှေ့ပြေးလူဦးရေစာရင်းကို တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ တိကျမှန်ကန်သည့် အတည်ပြုဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်လက်ပေးပို့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိပါသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုမရှိရေးနှင့် တိကျမှန်ကန်ရေး Myanmar Electronic Voting Machine ဖြင့် မဲပေးသည့်စနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှု၊ ဆုံးရှုံးမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ဒီမိုကရေစီယဉ်ကျေးမှုနှင့်အညီ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်၏ လိုအင်ဆန္ဒများကို ပဋိပက္ခအဖြစ် ဖန်တီးလှုံ့ဆော်မှု၊ အကြမ်းဖက်ဖော်ဆောင်မှုများမှ ရှောင်ရှား၍ ငြိမ်းချမ်းသောနည်းဖြင့်သာ ဖော်ဆောင်ကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိက ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်နေသော တည်ငြိမ်အေးချမ်းမှုရှိရေး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ “ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်” တိုက်တွန်းအပ်ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား
ပြည်နယ်နှင့် တိုင်းဒေသကြီး အချင်းချင်းအကြားတွင် လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုချင်းစီ အတွင်းတွင်လည်းကောင်း၊ ကျေးလက်နှင့် မြို့ပြအကြားတွင်လည်းကောင်း လူနေမှုစနစ်ကွာဟနေမှုများ၊ ဆင်းရဲချမ်းသာကွာဟနေမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေး ရည်မှန်းချက် အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ တိုင်းပြည်သာယာဝပြောရေးအတွက် တိုင်းပြည်အေးချမ်း ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွင် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုက ပဓာနကျသကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုအကျိုးရှေးရှုမှုက အခရာကျပါသည်။
စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ပန်းတိုင် ရည်မှန်းချက်ပြည့်မီစေရန် ဆောင်ရွက်လျက်ရှိပါသည်။ အလားတူပင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်လျက် ရှိပါသည်။ ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ အရည်အသွေးမီသော အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးစေရေးတို့ အပြင် ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်၍ နည်းပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မတူညီသည့် ရေမြေ၊ ရာသီဥတု၊ ဒေသအခြေအနေများအပေါ် မူတည်၍ ဒေသအလိုက်မည်သည့်ရေတို၊ ရေရှည် စီးပွားရေးလုပ်ငန်းမျိုး ဆောင်ရွက်သင့်သည်၊ မည်သည့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးသင့်သည်ကို ဆွေးနွေးညှိနှိုင်း ပြီး ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို သမားရိုးကျ နည်းအပြင် ခေတ်မီနည်းစနစ်များဖြင့် တီထွင်တိုးမြှင့်ထုတ်လုပ်ရမည်ဖြစ်ပါသည်။ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့တင်ပို့နိုင်ပါက နိုင်ငံ့စီးပွားတိုးတက်လာသည်နှင့်အမျှ ပြည်ထောင်စုတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူ အားလုံး၏ လူမှုစီးပွားဘဝများလည်း တိုးတက်လာကာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ တစ်ပြေးညီ ဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်ပါသည်။
ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သောကြောင့် နေရာဒေသမရွေး ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ တန်းတူရည်တူ အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤကဲ့သို့ ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်သည် အဓိက ကျသဖြင့် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ စနစ်တကျမွေးထုတ်လျက်ရှိပါသည်။
ယနေ့အချိန်တွင် အနာဂတ်၏ အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ကာ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လည်း နိုင်ငံသား တိုင်း အနည်းဆုံး KG+9 အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်ရေးနှင့် အသိပညာ အတတ်ပညာပြည့်စုံ သော ပညာတတ်များ ပေါများရေးဟူသော ပညာရေးမျှော်မှန်းချက်များ အောင်မြင်စေရန် ကျောင်းများ တိုးချဲ့ရေး၊ ဆရာ ဆရာမများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်အောင် ပြင်ဆင်ရေးတို့အတွက် တိုးမြှင့်စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျန်းမာရေးကောင်းမွန်သော ပညာတတ်များပေါများလာသည်နှင့်အမျှ ကုန်ထုတ် စွမ်းအားများတိုးတက်လာပြီး လူမှုစီးပွားဘဝများလည်း မြင့်မားလာကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ကွာဟမှု လျော့နည်းလာမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ “ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဖော်ဆောင် ပေးရေး” အတွက် သက်ဆိုင်သူများနှင့်တိုင်းရင်းသားပြည်သူအပေါင်းက ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း အပ် ပါသည်။
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကို ပြည့်ဝအောင်မြင်စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားများက သမိုင်းပေးတာဝန်အဖြစ်ခံယူလျက် ညီနောင် တစ်စု တည်ထောင်ပြုပါက ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ၊ ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ