နေပြည်တော် ၂၇ စက်တင်ဘာ
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မကွေးမြို့ရှိ အဆိုပါအဆောက်အအုံသစ်၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လွှတ်တော်ရုံး အဆောက်အအုံသစ်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးကျော်ဋ္ဌေး၊ ဦးသက်ခိုင်၊ ဦးအေးကျော်နှင့် Kyaw Thar Engineering & Construction Group Co,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့က လွှတ်တော်ရုံး အဆောက်အအုံသစ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လွှတ်တော်အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများအား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌများနှင့် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့အား မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌကလည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်တို့က လွှတ်တော်အဆောက်အအုံသစ် ဖွင့်ပွဲအထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ လွှတ်တော်ရုံးအဆောက်အအုံ သစ် မျက်နှာစာတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကာ လွှတ်တော်ရုံးအဆောက်အအုံ သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးတို့နှင့်အတူ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ သွားရောက်လေ့လာသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် နတ်မောက်မြို့မှ ဆက်လက်ထွက်ခွာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် ညစာစားပွဲကို ယမန်နေ့ညနေ ၆ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီးဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ်ချေ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
သတင်းစဉ်


