ပြည်သူ့အင်အားကသာ အရာရာကို ပြောင်းလဲနိုင်မည်

၂၅ ဒီဇင်ဘာ

 

ကိုလိုနီခေတ်ကာလတွင် မြန်မာနိုင်ငံသူနိုင်ငံသားတို့ ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ့်သာသာနေရင်းက ဗြိတိသျှလူမျိုးတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်သည်ကို ခံရ၏။ နိုင်ငံရေးမှာ စီးပွားရေးမှာ လူမှုရေးမှာ ယဉ်ကျေးမှုမှာ စသည့်နယ်ပယ်ကဏ္ဍအသီးသီးမှာ။

 

မြန်မာနိုင်ငံသားများဆိုလျှင် ဗြိတိသျှတို့က အပေါ်စီးကနေ၍ မောင်မင်းလူကလေးဟု ခပ်နှိမ်နှိမ်ဆက်ဆံသည်ဆိုခြင်းက ပုံပြင် မဟုတ်။ သည်လိုအနှိမ်ခံရဖူးသူတို့က ယင်ခံစားချက်ကို ပိုမိုနားလည်နိုင်၏။ ထို့ကြောင့်ပင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုစိတ်ကို ရင်ထဲ သည်းထဲတွင်ထည့်ကာ အသက်စွန့်ဖို့ ဝန်မလေးဖြစ်ခဲ့ကြသည်ဟုဆိုလျှင် မှားအံ့မထင်၊ ဆက်၍ဆိုရလျှင် ထိုစိတ်ဓာတ်အားမာန် တို့ကြောင့်ပင် မြန်မာ့လွတ်လပ်ရေးကို ရခဲ့ခြင်းဖြစ်ပါသည်။

 

မြန်မာပြည်သူလူထုတစ်ရပ်လုံးဟု ဆိုလိုက်သည်မှာ ယေဘုယျအားဖြင့် မြန်မာနိုင်ငံအတွင်းနေ လူမျိုးဘသာမရွေး၊ ကျေးလက်မြို့ပြရွေး၊ တောင်ပေါ်မြေပြန့်ရွေး၊ ဆင်းရဲချမ်းသာမရွေး ညညာရှိ ပညာမဲ့ ရွေး၊ လူတန်းစားမရွေး၊ အလွှာရွေးပါဝင်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်ဖြင့် အားလုံးပါဝင်ခဲ့ကြခြင်း ဖြစ်ပေသည်။

 

ဒုတိယကမ္ဘာစစ်ကြီးအပြီး ကျင်းပသည့် ဖဆပလနိုင်ငံလုံးဆိုင်ရာ အလယ်ပစ္စယံညီလာခံကြီးတွင် လွတ်လပ်ရေးဗိသုကာ သခင်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်၌ မြန်မာနိုင်ငံသားတို့ကို ပြောကြားခဲ့သကဲ့သို့ “အနုမြူဗုံးထက် အင်အားရှိသည့် လူထုအားက အမျိုးသားလွတ်လပ်ရေးပန်းတိုင်ဆီသို့ တွန်းပို့ခဲ့တာ 'ဆိုသည်မှာ တိကျသော အမှန်တရားတစ်ရပ်ဖြစ်ပါသည်။

 

လူထုအင်အားထက် ကြီးမားပြင်းထန်သော အင်အားမရှိဟု ဆိုရပါမည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံသည် လည်းကောင်း၊ အရပ်သားအစိုးရပေါ်ထွန်းရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွက်လာရေးသည် တို့သည်လည်းကောင်း လူထုအင်အားကြောင့်သာ ဤရွေ့ဤမျှ အဆင့်ဆင့် တိုးတက်လာခဲ့သည်ဟုလည်း ဆိုရပါမည်။ ။

 

အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ စသည်ဖြင့် ပြည်သူ့တိုက်ပွဲများကို အဆက်ဆက် ဆင်နွှဲခဲ့ကြသော်လည်း ယနေ့ထက်တိုင် မြန်မာပြည်သူတို့၏ဘသည် လွတ်လပ်ရေး၏အရသာကို ခံစားစံစားနိုင်သည့် အခြေအနေသို့ မရောက်ကြသေးသည်မှာလည်း အမှန်တရား ဖြစ်ပါသည်။

 

ထို့ကြောင့်ပင် ယနေ့ထက်တိုင် မပြည့်သေးသည့် ဒီမိုကရေစီ တိုးတက်ရရှိရေး၊ ဒီမိုကရေစီအုတ်မြစ်ခိုင်မာတောင့်တင်ရေး စသည့် မြန်မာပြည်သူတို့၏ အဆုံးမသတ်နိုင်သေးသော ပန်းတိုင်မရောက်သေးသော လုပ်ငန်းရပ်များကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

 

မြန်မာ့အလင်း