ပြည်ကြီးတံခွန်မြို့နယ် (၇၀)ရာခိုင်နှုန်း ရေပေးဝေရေးစီမံကိန်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

မန္တလေး ၁၈ ဒီဇင်ဘာ

နယ်သာလန်နိုင်ငံ အစိုးရ၏ ကူညီထောက်ပံ့ငွေနှင့် ING & FMO Bank ချေးငွေများဖြင့် ပြည်ကြီးတံခွန်မြို့နယ် (၇၀)ရာခိုင်နှုန်း ရေပေးဝေရေးစီမံကိန်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (၆)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

1812

 

ရှေးဦးစွာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး Mr. Wouter Jurgen ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် နယ်သာလန်နိုင်ငံအခြေစိုက် Ballast Neadam International Projects ၏ အာရှဒေသဆိုင်ရာ မန်နေဂျာ Mr Johan Verhangen နှင့် တာဝန်ရှိသူများက ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်းနှင့် ပတ်သက်သည်များအား မိတ်ဆက်ပြောကြားသည်။

အခမ်းအနားတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် နယ်သာလန်နိုင်ငံအခြေစိုက် Ballast Neadam International Projects ၏ အာရှဒေသဆိုင်ရာ မန်နေဂျာ Mr Johan Verhangen တို့က ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းသဘောတူစာချုပ်အား လက်မှတ်ရေးထိုးကြပြီး တက်ရောက်လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးသည်။

အဆိုပါ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နယ်သာလန် နိုင်ငံအခြေစိုက် Ballast Neadam International Projects တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ဒုဌဝတီမြစ်ဘေးတွင် ရေယူအဆောက်အအုံ တည်ဆောက်ခြင်း၊ ရေသန့်စင်ခြင်း၊ ရေသိုလောင်ခြင်း၊ ရေတွန်းစက် တည်ဆောက်ခြင်း၊ ရေဖြန့်ဖြူးပိုက်လိုင်းများ သွယ်တန်းခြင်း စသည့် လုပ်ငန်းများအား ငွေကျပ်(၁၀၀)ဘီလီယံ အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်သည်။

အခမ်းအနားသို့ မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်သာလန် သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)