ပြင်ဦးလွင်မြို့ရှိ အပန်းဖြေဥယျာဉ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်

မန္တလေး  ၂၄  ဒီဇင်ဘာ

 

ပြင်ဦးလွင်မြို့ရှိ အပန်းဖြေဥယျာဉ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ပေးလျက်ရှိကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းဝင်းက ပြောသည်။

 

1

 

ပြည်တွင်း ပြည်ပခရီးသွားများ စိတ်အပန်းဖြေအနားယူရန် လာရောက်သည့် ဥယျာဉ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ခြင်းကို ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ယခုနှစ် ဩဂုတ်လအတွင်းက  ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီဇင်ဘာ ၁၈ ရက်က ဖွင့်လှစ်ခဲ့သည့် ဒီဇင်ဘာခြံ အပန်းဖြေဥယျာဉ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

“ဥယျာဉ်ခြံဆိုတာ အပန်းဖြေဖို့ လာကြတာဖြစ်တဲ့အတွက် မိသားစုတွေ၊ ကလေးတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ ပါလာမှာပါ။ သူတို့အတွက် အနှောင့်အယှက်မဖြစ်ရအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အမျိုးသားကန်တော်ကြီး ဥယျာဉ်မှာ ဒီလိုဆောင်ရွက်ခဲ့တာ အများစုလိုက်နာတဲ့အတွက် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဆေးလိပ်ကင်းစင်နယ်မြေမှာ ဆေးလိပ်သောက်သုံးသူတွေ ရှိခဲ့ရင်လည်း သူတို့အတွက် ဆေးလိပ်သောက်ရန် နေရာ ၃ ခုကို သတ်မှတ်ပေးထားပါတယ်။ သတ်မှတ်နေရာမှာမဟုတ်ဘဲ ဆေးလိပ်သောက်သုံးသူတွေ ရှိခဲ့ရင်လည်း တာဝန်ကျ ဝန်ထမ်းတွေက ရှင်းလင်းပြောကြားပြီး သတ်မှတ်ထားတဲ့ ဆေးလိပ်သောက်ရန် နေရာတွေမှာ သွားသောက်ဖို့ အသိပညာပေးမှုတွေ ဆောင်ရွက်ပေးသွားမှာပါ။ ဒီလို ဆေးလိပ်ကင်းစင် ဥယျာဉ်တွေအဖြစ် သတ်မှတ်ပေးခြင်းဖြင့် လူငယ်တွေအနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးရဲ့အန္တရာယ်ကို ပိုမိုသိရှိပြီး ဆိုးကျိုးတွေကနေ ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

2

 

ပြင်ဦးလွင်မြို့တွင် အပန်းဖြေဥယျာဉ်များသာမက အများနှင့်သက်ဆိုင်သည့် ရုံးဌာနများ၊ ကားဂိတ်များ၊ ဘူတာရုံများ၊ ဈေးများ၊ ကျောင်းများတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်၍ ဆေးလိပ်သောက်သုံးရန် နေရာများ ကန့်သတ်ပေးခြင်းများကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

3

 

မင်းထက်အောင်(မန်းကိုယ်ပွား)

ဓာတ်ပုံ- အောင်ဖြိုးကျော်