ပွင့်ဖြူ ၊ ၁၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီ ရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိသည့် တောင်မုန်းမြောင်းမကြီးအား ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မြောင်းပေါင်များ ဆေးသုတ်ခြင်းလုပ်ငန်းများကို ဆည်ရေလုပ်သားများအဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးရေဖြန့်ဝေပေးနေသည့် တောင်မုန်းမြောင်းမကြီး ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆေးသုတ်ခြင်းလုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေလုပ်သား အဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းနှင့် ဦးသက်ဇော်ဦးတို့ ဦးဆောင်ကာ အဖွဲ့များခွဲပြီး နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တောင်သူများ မိုးစပါးသီးနှံအောင်ရေ အပြည့်အဝရရှိရေးအတွက် ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတွင် ပိတ်ဆို့နေသော ရေမှော်ပင်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် မြောင်းပေါင်များရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက တောင်မုန်းမြောင်းမကြီးတစ်လျှောက် ကြံ့ခိုင်ကောင်းမွန်ရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ဆေးသုတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို ဆည်ရေလုပ်သားအဖွဲ့ ခေါင်းဆောင် ဦးညွန့်ဝင်းနှင့် အဖွဲ့ဝင်များက တောင်မုန်းမြောင်းစုနယ် လက်တံ(၁၅)ထိပ်ရှိ ရေပေး အဆောက်အုံများ ဆေးသုတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းပြုလုပ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နှစ်စဉ် ဆန်းစပါးအများဆုံး စိုက်ပျိုး ထုတ်လုပ်နိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ တောင်သူများ စိုက်ပျိုးရေအဆင်ပြေစေရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေအား တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေစနစ်တကျ ဖြန့်ဝေပေးလျက်ရှိပြီး ယခုနှစ်တွင် တောင်သူများစိုက်ပျိုးသည့် မိုးစပါးသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက် )


