ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး

ပွင့်ဖြူ   ၂၆  ဩဂုတ် 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အတွင်းရှိ တောင်သူများ အချိန်မီ သီးနှံစိုက်ပျိုးခွင့် ရရှိနိုင်ရေးအတွက် မေ ၉ ရက်မှ စတင်ကာ ထုတ်ချေးပေးခဲ့ပါတယ်။ ချေးငွေထုတ်ချေးတဲ့ ကျေးရွာအုပ်စုပေါင်း ၅၀ အုပ်စုရှိပြီး တောင်သူဦးရေ စုစုပေါင်း ၁၁၄၄၆ ဦး ရှိပါတယ်။ ချေးငွေထုတ်ချေးမှု အနေနဲ့ကတော့ စပါးစိုက်ပျိုးဧက ၄၉၀၉၄ ဧက၊ နှမ်းစိုက်ပျိုး ဧက ၃၃၀၉၆ ဧက၊ ပဲစင်းငုံ ၄၁ ဧက၊ ပဲတီစိမ်း ၁၆ ဧက စုစုပေါင်း သီးနှံစိုက်ပျိုးဧက ၅၂၂၄၇ ဧကရှိပြီး  ထုတ်ချေးငွေပေါင်းက ၇၆၇၉၄ သိန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း” ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင် က ပြောသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ(၇) မူရင်း တင်ပြရပြီး တောင်သူတစ်ဦးချင်း အာမခံစနစ်ဖြင့် စပါးစိုက်ပျိုးတောင်သူများကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းနှင့် အခြားသီးနှံ စိုက်ပျိုးတောင်သူများကို ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)