ပွင့်ဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်အား အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးနေ

ပွင့်ဖြူ အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာတတ်သူတိုင်း စာပေဖတ်ရှုလေ့လာနိုင်စေရန် ၊ စာပေအသိဉာဏ် မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်မှတစ်ဆင့် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်အား အပတ်စဉ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးနေကြောင်း အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ထံက သိရသည်။ 

အဆိုပါ သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club )အသင်းနှင့် ပူးပေါင်းပြီး ပြည်သူများ ကိုဗစ်-၁၉ ကာလ စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကလေးကြိုက်ကဗျာများနှင့် မြန်မာစကားပုံနှင့် မြန်မာဆိုရိုးစကားအကြောင်း သိကောင်းစရာ စာပေသိမှတ်ဖွယ်ရာများကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။ 

မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အတွင်းရေးမှူးဖြစ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး က စာရေးဆရာ အောင်သင်း ရေးသားသည့် “စာရိတ္တမာန” စာအုပ်အား စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများ လေ့လာဖတ်ရှုနိုင်ရေးအတွက် စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို အောက်တိုဘာ ၁၉ ရက်က မျှဝေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ “စာရိတ္တမာန” စာအုပ်တွင် အခန်း(၁၉)ခန်း ပါဝင်ပြီး လူ့ဘဝတွင် တွေ့ကြုံရသော ရန်သူမျိုးငါးပါးအကြောင်းနှင့် သားဆိုးသမီးဆိုးများ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမရမည့်နည်းလမ်းများ၊ မကောင်းမှုပြုကျင့်သူများ တွေ့ကြုံနိုင်သော ဘေးဥပဒ်နှင့် အခက်အခဲများ၊ ကောင်းမှုအကျိုး ပြုကျင့်သူများအတွက် ရရှိနိုင်သော အကျိုးကျေးဇူးများ စသည့် အကောင်း/ အဆိုး ဝေဖန်ပိုင်းခြားနိုင်သော စာပေသိမှတ်ဖွယ်ရာများ ပါဝင်ကြောင်း သိရသည်။ 

အဆိုပါ သုတ/ရသ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်ကို ပြည်သူများ ရှာဖွေလေ့လာဖတ်ရှုနိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် (Online Page)မှတစ်ဆင့် ထုတ်လွှင့် တင်ဆက်ပေးထားကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)