ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူ

ပွင့်ဖြူ   ၂၆ ဩဂုတ်  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူ-စလင်းသွားကားလမ်း လေးတိုင်စင်လမ်းဆုံတွင် မြို့တွင်းသွားလာသည့် စည်းကမ်းပျက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

2

 

ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး မောင်မောင်သန်းနှင့် ပူးပေါင်းအဖွဲ့များက မြို့တွင်းဖြတ်သန်းသွားလာ မောင်းနှင်သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်သွားလာရန် ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ 

 

1

 

ထို့နောက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်သွားလာခြင်းမရှိသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်စီးဦးထုပ်များ တပ်ဆင်မောင်းနှင်ခြင်း မရှိသူများနှင့် ဆိုင်ကယ်အား နှစ်ဦးထက် ပိုမို တင်ဆောင်မောင်းနှင်သူများကို  ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)