ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက  တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာ အစီးရေ ၉၀ ကျော် ပြုပြင်ပေး

ပွင့်ဖြူ စက်တင်ဘာ   ၂၂

           

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အခက်အခဲမဖြစ်စေရေးအတွက် ချို့ယွင်းပျက်စီးသည့် တောင်သူပိုင် လယ်ယာသုံး စက်ကိရိယာများကို နှစ်စဉ် တောင်သူအကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာအစီးရေ ၉၀ ကျော်အား ပြုပြင်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း အဆိုပါ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စန်း ထံမှ သိရသည်။

           

“ကျွန်တော်တို့ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး အတွက် ရည်ရွယ်ပြီးတော့ ချွတ်ယွင်းပျက်စီးတဲ့ တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာများကို နှစ်စဉ် တောင်သူအကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် ပြုပြင်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့ပြင် တောင်သူများ အဆင်ပြေစေရန်အတွက် ဌာနပိုင်ထွန်စက်ကြီးတွေနဲ့ လယ်ယာမြေပြုပြင်ဆောင်ရွက်ပေးခြင်း ၊ ရိတ်သိမ်းခြွေ့လှေ့စက် ၊ ကောက်စိုက်စက်များဖြင့် အငှားလိုက် ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်း ၊ ဒေသနဲ့ကိုက်ညီတဲ့ ထွန်စက်ကြီးတွေ ၊ လက်တွန်းထွန်စက် တွေနဲ့ အခြား လယ်ယာသုံးစက်ကိရိယာများကို တောင်သူများ လက်ငင်းစနစ် ၊ အရစ်ကျစနစ်တို့ဖြင့် ဝယ်ယူအသုံးပြု နိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာကုမ္ပဏီများနှင့် ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးခြင်း ၊ လယ်ယာသုံး စက်ကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာဆိုရင် ချို့ယွင်းပျက်စီးခဲ့တဲ့ တောင်သူပိုင်လယ်ယာသုံးစက်ကိရိယာ ပြုပြင်ဆောင်ရွက်ပေးမှုအနေဖြင့် လယ်ထွန်စက်ကြီး(၉၁)စီး ၊ ရိတ်သိမ်းခြွေလှေ့ စက်(၄)စီး ၊ လက်တွန်းထွန်စက်(၄)စီး ၊ အခြား လယ်ယာသုံး စက်ကိရိယာ (၃)ခု တို့ကို ကောင်းမွန်စွာအသုံးပြုနိုင်အောင် ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့ ၊ အမှတ် (၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော် စန်း က ပြောသည်။  

           

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံများစိုက်ပျိုးရာတွင် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် လုပ်ငန်းတွင်ကျယ်စွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လယ်ယာသုံးစက် ကိရိယာများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုဝယ်ယူအသုံးပြုလာကြကြောင်း သိရကာ မြို့နယ်စက်မှုလယ်ယာဦးစီး ဌာနကလည်း လယ်ယာသုံးစက်ကိရိယာပြုပြင် ထိန်းသိမ်းနည်းနှင့် ကိုင်တွယ်အသုံးပြုနည်းများကို ပံ့ပိုးကူညီဆောင်ရွက် ပေးသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )