ပခုက္ကူမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ရာနှုန်းပြည့် ထုတ်ချေးပြီးစီး

ပခုက္ကူ အောက်တိုဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ  မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရာနှုန်းပြည့် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲရုံးမှ သိရသည်။

 

၂၀၂၀ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်‌ဘဏ်ချေးငွေပြေကျေပြီးသည့် တောင်သူများအား ၂၀၂၁ခုနှစ်၊ မိုးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက် ထုတ်ချေးပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းတို့ဖြင့် ပခုက္ကူမြို့နယ်အတွင်း ကျေးရွာအုပ်စု(၂၀)အုပ်စုမှ တောင်သူဦးရေ (၁၅၀၈)ဦးတို့၏ မိုးစပါး(၆၂၄) ဧကနှင့်မြေပဲ(၂၀၂၆)ဧက၊ နှမ်း(၉)ဧက၊ ပဲတီစိမ်း(၆၈၈၄)ဧက၊ ပဲစဉ်းငုံ(၂၇၉)ဧက၊ နှံစားပြောင်း (၉၃၈)ဧက စသည့် အခြားသီးနှံပေါင်း (၁၀၁၃၆)ဧက၊ စုစုပေါင်းမိုးရာသီစိုက်ပျိုးသီးနှံ (၁၀၇၆၀) ဧကတို့အတွက်‌ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ စုစုပေါင်း ကျပ် ၁၁၀၇ ဒသမ ၂၀ သန်းတို့အား ရာနှုန်းပြည့် ထုတ်ချေးပြီးစီးပြီ ဖြစ်ကြောင်း၊ ဘဏ်ချေးငွေအတိုးနှုန်းမှာ ငွေကျပ် ၁၀၀ အတွက် တစ်နှစ်လျှင် ငါးရာခိုင်နှုန်း ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)