နေပြည်တော် ဒီဇင်ဘာ ၄
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် အဖွဲ့ဝင်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီအဖွဲ့ခေါင်း ဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးထုတ်ကုန်များ အထွက်နှုန်း တိုးတက်ကောင်း မွန်စေရေးအတွက် ပိုးမွှားကာကွယ်ရေးလုပ်ငန်းများတွင် အရေးပါသည့် ပိုးသတ်ဆေးများ အရည်အသွေးပြည်မီရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရေးနှင့် စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်း ကြပ်မတ်ပြီး ပိုးသတ်ဆေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက် ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ်ဆေးဥပဒေ ဥပဒေလုပ်ထုံး လုပ်နည်းပါ သတ်မှတ်ထားသည့်အတိုင်း အရေးယူဆောင်ရွက်မှုများ တိတိကျကျ ဆောင်ရွက် ရန် လိုအပ်ကြောင်း။
ရေရှည်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ လျှော့ချသုံးစွဲနိုင်ရေးအတွက် မျှတသောဂေဟစနစ်ကို အခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှု ထွန်းကားလာစေရေး ကြိုးစားကြရမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ(Food Safety Standard)များ နှင့်အညီ ညီညွတ်စေရေး လေ့လာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူးက ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေး အမျိုးပေါင်း ( ၁၄၆ ) မျိုးအား မှတ်ပုံတင် ခွင့်ပြုပေးနိုင်ရေးတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြသည်။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃)ကြိမ်မြောက် အစည်းအဝေး ပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း (၄၂၈၇) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်