ဖြူသောနှလုံးသားတို့ တွေ့ဆုံပွဲကို မာလာဟေဝန်မြိုင်ပန်းခြံတွင် ပြုလုပ်

မြင်းခြံ  ၁၉   ဒီဇင်ဘာ

ဖြူသောနှလုံးသားတို့တွေ့ဆုံပွဲတွင် ပန်းချီဆွဲခြင်း၊ ကဗျာရွတ်ခြင်း၊ သီချင်းဆိုခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ "မာလာဟေဝန်မြိုင်" ပန်းခြံအတွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြူစင်သောနှလုံးသားတို့တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဦးဆောင်၍ ရန်ကုန်မြို့မှ "အောင်Group" အဖွဲ့တို့မှ လာရောက်ကြသည့်ကျောင်းသား၊ ကျောင်းသူများကို ပတ် ဝန်းကျင်သန့်ရှင်းရေးအတွက် ဟောပြောခြင်း၊ ပလပ်စတစ်သုံးစွဲမှုကြောင့် တိရစာ္ဆန်များ သေကြေ ပျက်စီးခြင်းအကြောင်းတို့ကို ဟောပြောခဲ့ကြသည်။ ထို့အပြင် ပန်းချီဆွဲခြင်း၊ ကဗျာရွတ်ခြင်း၊ ပညာ ရေးနှင့်ပတ်သက်သော ဉာဏ်စမ်းများဖြေဆိုစေခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြပြီး ပါဝင်ဆောင်ရွက်ကြ သောကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးခဲ့သည်။  ထို့အပြင် ကိုနေထက် မှလည်း ပျော်ရွှင်ဖွယ်မျက်လှည့်ပညာများဖြင့် ကျောင်းသား၊ ကျောင်းသူများကို ဖျော်ဖြေပြသခဲ့သည်။

ပန်းထက်လှသောပန်းကလေးများ "ဖြူသောနှလုံးသားတို့တွေ့ဆုံပွဲ" ကျင်းပရာသို့ မြင်းခြံမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအပြင် ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက်ခဲ့ကြသည်။ ပန်းချီဆွဲခြင်း၊ သီချင်းသီဆိုတီးခတ်ခြင်းများကို မြင်းခြံမြို့မှ ပန်းချီဆရာများ၊ ဂီတပညာရှင်များက ပါဝင်ကူညီခဲ့ကြကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)