ဖိလစ်ပိုင်နိုင်ငံ၌ ပြည်နယ်အုပ်ချုပ်ရေးမှူး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူ သုံးဦး ဖမ်းဆီးထား

ပမ်ပလိုနာ၊ မတ် ၅

 

ဖိလစ်ပိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်  အခြားရှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ သံသယရှိသူသုံးဦးကို ဖမ်းဆီးထားပြီး  နောက်ထပ်သံသယရှိသူ တစ်ဦးမှာပစ်ခတ်မှုအတွင်း  သေဆုံးသွားကြောင်း  အာဏာပိုင်များက မတ် ၅ ရက်တွင် ပြောသည်။

 

မတ်  ၄  ရက်က  ပစ်ခတ်တိုက်ခိုက်မှုအတွင်း အခြား ၁၇ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အလယ်ပိုင်း နီဂရော့စ် အော်ရီရန်တယ် ပြည်နယ်ပမ်ပလိုနာခရိုင်ရှိ  အုပ်ချုပ်ရေးမှူး၏နေအိမ်တွင် စစ်ပုံစံယူနီဖောင်း ဝတ်ဆင်ကာ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသော သေနတ်သမားခြောက်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

ဖမ်းဆီးခံရသူ သုံးဦးအနက် နှစ်ဦးမှာ လွန်ခဲ့သည့် နှစ်များအတွင်း ဂုဏ်သိက္ခာမဲ့စွာရာထူးမှ ဆင်းပေးခဲ့ရသည့် စစ်သားဟောင်းများဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ စတုတ္ထမြောက် သံသယရှိသူမှာ မတ် ၄ရက်ညပိုင်းက ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဂျာရတ် ပဲလ်လာရီက သတင်းထောက်များကို ပြောသည်။

 

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုအတွင်း သံသယရှိသူ ၁ ၀ဦးခန့်ပါဝင်ကြောင်း ၎င်းကပြောသည်။ ၎င်းတို့ ထွက်ပြေးလွတ်မြောက်ခြင်းမှ တားဆီးနိုင်ရန်အတွက် ဆိပ်ကမ်းများကို ပိတ်ထားလိုက်ပြီးနောက် ကျွန်းပေါ်တွင် ရှိနေသေးကြောင်း အာဏာပိုင်များက ယူဆထားသည်။ ကနဦးတွင် သေဆုံးသူ ပေါင်းခြောက်ဦးရှိကြောင်း ပြောကြားထားသော်လည်း မတ်၄ရက်နှောင်းပိုင်းတွင်ကိုးဦးအထိ မြင့်တက်လာကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 

အသက် ၅၆ နှစ်ရှိ ဒီဂါမိုသည်ပြီးခဲ့သည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ဖိလစ်ပိုင်နိုင်ငံတွင် ပစ်ခတ်ခံရသည့် တတိယမြောက်နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။

 

အေအက်ဖ်ပီ