မိတ္ထီလာ ၁ စက်တင်ဘာ
မိတ္ထီလာမြို့၌ (၁၃၆)ကြိမ်မြောက် ဖောင်တော်ဦး ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် လှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လှေအသင်းများအနေဖြင့် ယခုနှစ်တွင် စတင်အသုံးပြုမည့် ဖိုက်ဘာလောင်းလှေ အသစ်များဖြင့် လှော်ခတ်လေ့ကျင့် လျက်ရှိကြောင်း သိရသည်။
“ဒီနှစ်က ဖောင်တော်ဦးဘုရားပွဲ လှေပြိုင်ပွဲမှာ သစ်သားလောင်းလှေတွေအစား ဖိုက်ဘာလောင်းလှေ အသစ်တွေနဲ့ စတင်ယှဉ်ပြိုင် ရမှာဆိုတော့ ပြိုင်ပွဲဝင် လှေအသစ်တွေနဲ့ လှော်သားကျအောင် ကြိုတင်လေ့ကျင့်နေကြတာပါ။ ဒီနေ့နဲ့ဆို ပြိုင်ပွဲဝင် လှေအသင်းတွေ လှေအသစ်တွေနဲ့ လှော်ခေတ်လေ့ကျင့်တာ နှစ်ရက်မြောက်နေ့ ဖြစ်ပါတယ်။ လှေအသစ်တွေက ဖိုက်ဘာလှေတွေဖြစ်လို့ သစ်သားလှေတွေထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ လှေခတ်ရတာ သက်သာပေမယ့် စတင်လှော်ခတ် ရမှာဖြစ်လို့ အသားကျနေအောင်တော့ လေ့ကျင့်လှော်ခတ်ဖို့ လိုပါတယ်” ဟု ယခင်နှစ် အကြီးတန်းလှေပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် အုတ်နှဲဘုတ်ကျေးရွာ ပြိုင်ပွဲဝင်အသင်းမှ အသင်းသားတစ်ဦးက ပြောသည်။
မိတ္ထီလာမြို့ ဖောင်တော်ဦး ဘုရားပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လှေပြိုင်ပွဲအား အကြီးတန်း၊ အငယ်တန်း ပြိုင်ပွဲများအဖြစ် စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ၅ ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


