ညောင်ဦး နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် လက်ပံပင်ကျေးရွာ ထန်းပင်မြစ် ပျိုးထောင်ရောင်းချနေသည့် ဦးတင်ဝင်းထံက သိရသည်။

ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများသည် ထန်းပင်မြစ်ပျိုးထောင်ခြင်းအား ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုလ၊ ဝါခေါင်လတို့တွင် ထန်းသီးမှည့်များ ကောက်ယူစုဆောင်း၍ တူးဖော်လို့လွယ်သည့် မြေနေရာအားရွေးချယ်ပြီး ထန်းသီးမှည့်များပုံကာ သဲဖုံးထားရခြင်းဖြင့် ထန်းပင်မြစ် ပျိုးထောင်ခြင်းခေါ်ဆိုကြောင်း၊ ထန်းပင်မြစ်ကို ထန်းပင်ပေါက်ဟု ခေါ်ဆိုနိုင်ပြီး ထန်းသီးမှည့် မြေကျင်းထဲပျိုးထောင်ချိန်မှ သုံးလကြာလျှင် ထန်းသီးဆန်များမှ ထန်းပင်အညှောက်များ စတင်ထွက်လာပြီး ထန်းပင်မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ သုံးလကျော်ချိန် ဖော်ယူနုတ်ကာ ရောင်းချကြကြောင်း သိရသည်။

အညာဒေသတွင် ထန်းပင်မြစ် ပျိုးထောင်ရောင်းချခြင်းအား ငွေကြေးအရင်းအနှီးမလိုဘဲ လုပ်အားအရင်းအနှီးသာ လိုအပ်ကြောင်း၊ ထန်းသီးမှည့်ချိန် ကြွေကျသည့်ထန်းသီးများ လိုက်လံကောက်ယူပြီး ပျိုးထောင်စိုက်ပျိုးမည့် မြေကျင်းများဆီ စုဆောင်းထားကြပြီး ပြန်လည်တူးဖော်ချိန် လွယ်ကူသည့် မြေကျင်းများကို ရွေးချယ်ပျိုးထောင်ကြကြောင်း ငါ့သရောက်မြို့ ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူ ဦးမောင်တင့်က ရှင်းပြသည်။ 

ထန်းပင်မြစ်ပျိုးထောင်ရာတွင် မြေဆီ၊ မြေနှစ်ထည့်စရာမလို၊ မြေအမျိုးအစား မရွေးသည့်အပြင် ပြန်လည်တူးဖော် ရောင်းချသည့်အခါ တူးဖော်လွယ်ကူစေရန်သာ သဲမြေအမျိုးအစားနှင့်တူဖော်လွယ်ကူရန် မြေအမျိုးအစားကို ရွေးချယ်ပျိုးထောင်ကြသည်။ 

ထန်းပင်မြစ်ခေါ် ထန်းပင်ပေါက်များအား ပြုတ်၍ ဆီ၊ ဆားဖြင့် တို့စားခြင်း၊ ဖုတ်စားခြင်းနှင့် ကြော်စားခြင်းများ ပြုလုပ်ကြပြီး ရာသီစာအဖြစ် အညာဒေသတွင် ဆောင်းတွင်းမီးဖိုမီးလှုံကြရင်း  ရေနွေးကြမ်းဖြင့် စုဖွဲ့ ရပ်ရေးရွာရေး ဆွေးနွေးကြကြောင်း လဲဂွကျေးရွာ အသက် ၈၀ အရွယ် ဦးချစ်ပန်းက ရှင်းပြသည်။

ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဆယ်ချောင်းစီးတစ်စီး ၆၀၀ ကျပ် ရောင်းချနေရပြီး ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန် ဆယ်ချောင်းစီးတစ်စီး ၃၀၀ ကျပ်ရောင်းချရကြောင်း၊ ထန်းပင်မြစ်များအား မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ကျေးလက်တောင်သူများနှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငါ့သရောက်မြို့၊ ပုဂံမြို့ ကျေးလက်တောင်သူများက ထန်းသီးရင့်မှည့်ချိန် ကြွေကျသည့်ထန်းသီးမှည့်များ ကောက်ယူပျိုးထောင်ပြီး ထန်းပင်မြစ်အဖြစ် ရောင်းချကြကြောင်း သိရကာ အရင်းအနှီးမများဘဲ တူးဖော်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဈေးကောင်းရရှိနေကြောင်း ထန်းပင်မြစ် ပျိုးထောင်ရောင်းချသူများထံက သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)