ပေါင်းတည် ၁၃ သြဂုတ်
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် လွန်ခဲ့သော သြဂုတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အတွင်း ဌာနဆိုင်ရာရုံး ၉ ရုံး၊ ရန်ကုန်-ပြည်လမ်းနဘေးရှိ အထက်တန်းကျောင်း၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ လူနေအိမ်(၈၀၉) လုံးခန့်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ လူနေအိမ်(၉၃)လုံးခန့် စုစုပေါင်းနေအိမ်(၉၀၂)လုံးခန့်ရေဝင်ရောက်လျက်ရှိကာ အဆိုပါနေရာများမှာ မိုးရွာသွန်းမှု များပြားလာပါက နှစ်စဉ်ရေဝင်ရောက်လေ့ရှိသော နေရာများဖြစ်ကြောင်း သိရသည်။
အဆိုပါရေဝင်ရောက်မှုကြောင့် သြဂုတ် ၁၂ ရက်နံနက် ၁၀ နာရီမှစတင်၍ ရန်ကုန်-ပြည်ကားလမ်းနှင့် မီးရထားလမ်းပေါ်တို့တွင် ပေါင်းတည်အထကကျာင်း ရှေ့မိုင်တိုင်အမှတ် ၁၄၂/၅မှ၁၄၂/၆အထိ လမ်းမပေါ်တွင်(၈)လက်မခန့်ရေကျော်လျက်ရှိသည်။
အဆိုပါနေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ယာဉ်များ အသွားအလာ အဆင်ပြေလွယ်ကူစွာ မောင်းနှင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည်။
ရေဝင်ရောက်မှုကြောင့် မြို့နယ်အထက်တန်းမှာ ကျောင်းပိတ်ထားရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)


