ပေါက်တောမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံလျက်ရှိ

ပေါက်တော အောက်တိုဘာ ၁၉

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.ထ.က မြို့မ ကျောင်းစုရပ်၊ အ.ထ.က(ခွဲ) မြို့မစုရပ်နှင့် မြို့နယ် အထက်တန်း၊ အလယ်တန်းကျောင်းစသည့် စုရပ် (၂၄)နေရာတို့တွင် ယနေ့နံနက် ၉ နာရီက ဆက်လက် ထိုးနှံပေးသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာ စုရပ်ကျောင်းများသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ပြီး တာဝန်ကျ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ ကာကွယ်ဆေး ထိုးနိုင်စေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူးတို့က ကြည့်ရှုကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးနှံပြီး၍ ကျောင်းပြန်လည် တက်ရသည့်အခါ ကျန်းမာရေးဌာနမှ ချမှတ်ထားသည့် ရှောင်ရန်၊ ဆောင်ရန်အချက်အလက်များကိုအ လေးအနက်ထား ဆောင်ရွက်ကြပြီး မိမိကအစ ကာကွယ်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း စာသင်ကျောင်းများကို ယာယီပိတ်ထားရသော်လည်း  ကျောင်းပြန်လည် ဖွင့်လှစ်သည့်အခါ ကြိုးကြိုးစားစားနှင့် စိတ်ဓာတ်မကျဘဲ စာသင်ကြားကြစေလိုကြောင်း အားပေးစကားများ ပြောကြားကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ(၁၈)ရက်က အ.ထ.က မြို.မနှင့်၊ အ.ထ.ကခွဲ မြို့မကျောင်း စုရပ်နှစ်ခုအပါအဝင် မြိုနယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း စာသင်ကျောင်းစုရပ် (၂၆)ခုတွင် ဆေးထိုးနှံရန် လာရောက်ကြသူ  ကျောင်းသား (၁၄၇၇)ဦးနှင့် ကျောင်းသူ (၁၅၅၁)ဦး စုစုပေါင်း (၃၀၂၈)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရပြီး၊ ကျန်ရှိကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

 

ကျော်သန်း(မြို့နယ် ပြန်/ဆက်)