ပေါက်မြို့နယ်၊ မုန်ကျေးရွာ၌ ရေဆင်း(၁၁) မြေပဲမျိုးများ စိုက်ပျိုးအောင်မြင်

ပေါက်   ဒီဇင်ဘာ   ၄

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုတ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ် မိုးနှောင်းကာလ၌ မုန်ကုန်းကျေးရွာတွင် ဒေသနှင့်ကိုက်ညီသော ရေဆင်း(၁၁) မြေပဲမျိုးများ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

ပေါက်မြို့နယ်တွင် မိုးဦးကာလ စိုက်ပျိုးသော ပင်ပြန့်မြေပဲ (ခ) သက်ကြီးပဲနှင့် မိုးနှောင်းကာလ စိုက်ပျိုးသော ပင်ထောင်မြေပဲ (ခ) သက်ရင်ပဲလေး ဟူ၍ နှစ်မျိုးစိုက်ပျိုးကြရာ ယခုအခါ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား အထွက်နှုန်းကောင်း၊ စျေးကောင်းရရှိရေး အတွက် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)၊ မကွေး(၁၁)၊ မကွေး(၁၂) စသည့် မြေပဲမျိုးများ ဖြန့်ဖြူးပေးကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေပဲစတင် စိုက် ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ ကွင်းဆင်းပြီး နည်းပညာများ အကူအညီပေးလျက်ရှိသည်။

မိုးနှောင်းမြေပဲ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပဲအတောင့် ခြောက်တင်း စိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ မျိုးအနေဖြင့် ငွေကျပ် ၁၂၀၀၀၀၊ မြေပြင်ထွန်၊ ထယ်စရိတ်အဖြစ် ငွေကျပ် ၅၅၀၀၀၊ စိုက်စရိတ်အဖြစ် ငွေကျပ် ၁၂၀၀၀ ရှိပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက တင်း ၇၀ မှ ၈၀ အထိ ထွက်ရှိသည်။ ရောင်းဈေးအနေဖြင့် မြေပဲ တစ်တင်း ငွေကျပ် ၂၀၀၀၀ ဖြင့် ရောင်းချရကြောင်းနှင့် ဆီကြိတ် ရောင်းမည်ဆိုပါက ဆီတစ်ပိဿာ ငွေကျပ် ၇၅၀၀ ဖြင့် ရောင်းချရသဖြင့် မြေပဲစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း မုန်ကုန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးအောင်ပေါက ပြောပြသည်။

ဉာဏ်တိုး(ပြန်/ဆက်)