ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း သောက်ရေသန့်စက်များ၊ အဆောက်အဦများနှင့် နည်းပညာများ လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

တောင်ငူ  ၂၃  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျေးအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Grand Royal Group International Co.Ltd CSR Project(2019)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် သောက်ရေသန့်စက်များ၊ အဆောက်အဦးများနှင့် ထိန်းသိမ်းမှုနည်းပညာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း က သန့်ရှင်းသော သောက်သုံးရေသည် လူတစ်ဦးချင်းစီအတွက် အလွန်အရေးပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်စပ်တို့တွင် ဖွံ့ဖြိုးမှုအားနည်းခဲ့ရ၍ လမ်း/တံတားများ အသစ်ဖောက်လုပ် တည်ဆောက်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါမှလည်း လူမျိုးဘာသာမရွေး စီးပွားရေး၊ လူမှုရေး ကူးလူးဆက်ဆံမှသာ ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယုံကြည်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ မှန်ကန်သောလမ်းကြောင်းသစ်တစ်ခု ဖောက်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ယခုလို ရေသန့်စက် တည်ဆောက်နိုင်ရေး လာရောက်လှူဒါန်းပေးသော ကုမ္ပဏီနှင့် ဒေသခံပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် Grand Royal Group ပူးတွဲဥက္ကဋ္ဌ ဦးစိန်မိုးကျော်က သောက်ရေသန့်စက် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာ(၃)ရွာအတွက် ရေသန့်စင်စက် အဆောက်အဦနှင့် ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများနှင့် ပတ်သက်သည့် စာရွက်စာတမ်းကို ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ရေသန့်စင်စက်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Grand Royal Group ပူးတွဲဥက္ကဋ္ဌ ဦးစိန်မိုးကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

တောင်ငူမြို့နယ် ကျေးအင်းကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခုနှစ်၊ မူလရန်ပုံငွေ ၉ ဒသမ ၇၅ သန်းဖြင့် ဆောင်ရွက်ထားရှိသည့် စက်ရေတွင်းမှ ရေကိုသန့်စင် အသုံးပြုနိုင်ရန်အတွက် Grand Royal ကုမ္ပဏီမှ စက်ပစ္စည်းအတွက် လှူဒါန်းငွေ ၇၆ ဒသမ ၅ သိန်း၊ အဆောက်အဦအတွက် လှူဒါန်းငွေ ၂၈ ဒသမ ၇ သိန်း၊ မြစိမ်းရောင်အတိုးမှ ထည့်ဝင်ငွေ ၂၆ ဒသမ ဝ သိန်း၊ ကျေးရွာနေ ပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေ ၄ ဒသမ ၁၉၆ သိန်း စုစုပေါင်း ၁၃၅ ဒသမ ၃၉၆ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်ရေသန့် သောက်သုံးနိုင်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  Grand Royal Group International Co.Ltd CSR Project(2019) တို့ ပူးပေါင်းပြီး တောင်ငူမြို့နယ် ကျေးအင်းကျေးရွာ၊ အုတ်ဖိုမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၊ ကြို့ပင်ကောက်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာတို့တွင် သောက်ရေသန့်စက်များ အကောင်အထည်ဖော်လျက်ရှိသည်။

တင်စိုး(ပဲခူး)