ပဲခူးပြည်သူ့ဆေးရုံကြီး  မိသားစုများ ခရစ္စမတ်ဆုတောင်း တေးသီချင်းများ လိုက်လံသီဆို

ပဲခူး  ၁၉  ဒီဇင်ဘာ

ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင်မောင် ဦးဆောင်သော ဆေးရုံဝန်ထမ်းများသည် မိသားစုများအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၈ ရက်နေ့ ည ၇ နာရီခွဲနာရီအချိန်က အစိုးရအဖွဲ့နှင့် လွှတ်တော်အကြီးအကဲများ၊ မြို့မိမြို့ဖများ၏ အိမ်များသို့ သွားရောက်၍ ခရစ္စမတ်ဆုတောင်း တေးသီချင်းများ လိုက်လံသီဆိုခြင်းပြုလုပ်ပေးကြသည်။

ဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင်မောင် ဦးဆောင်၍ အထူးကု/ဆရာဝန်/သူနာပြုများအပါအဝင် အဆင့်ဆင့်သော ဝန်ထမ်းများနှင့် သားဖွားသင်တန်းသူများ စုစုပေါင်း (၅၀) ခန့်တို့၏ ခရစ္စမတ်သီချင်းများ သွားရောက်သီဆိုဆုတောင်းပေး ကြမှုအပေါ် အိမ်ရှင်များမှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး ကျွေးမွေးဧည့်ခံခြင်း၊ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ရင်းနှီးချစ်ကြည်စွာ ဆုတောင်းစကားများ ပြောကြားခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ရာ ဆေးရုံဝန်ထမ်းမိသားစုများနှင့် အကြီးအကဲများ၊ မြို့မိ/မြို့ဖများ၏ ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုတို့ကို ပိုမိုခိုင်မြဲစေနိုင်ခဲ့ကြောင်း သိရှိရသည်။

ခရစ္စမတ်တေးသီးချင်းလိုက်လံသီဆိုသူများသည် အစိုးရအဖွဲ့ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများ၏နေအိမ်များသို့သွားရောက်ပြီး ခရစ္စမတ်တေးသီချင်းသီဆိုခြင်း၊ မိသားစုများကျန်းမာချမ်းသာစေရန် ဆုတောင်း မေတ္တာပို့သခြင်းများပြုလုပ်ကြရာ သက်ဆိုင်မိသားစုများကမေတ္တာခံယူပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့အပြင် ဆေးရုံအုပ်ကြီးဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာလ(၁၇)ရက်နေ့ညပိုင်းကလည်း လူနာ/လူနာရှင်များနှင့် ဆေးရုံဝန်ထမ်း မိသားစုများအားလုံး စိတ်ပျော်ရွှင်ကျေနပ်မှုရရှိစေရန် ပဲခူးဆေးရုံလူနာဆောင်အသီးသီးသို့ သွားရောက်ကာ ခရစ္စမတ်တေးသီချင်းသီဆိုခြင်း၊ ဆုတောင်မေတ္တာပို့သခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများပြုလုပ်ခဲ့ကြသည့်အပြင် မြို့မိမြို့ဖများ၏နေအိမ်များသို့လည်း သွားရောက်ကာ ခရစ္စမတ်တေးသီချင်းသီဆိုခြင်း၊ ဆုတောင်မေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)