နေပြည်တော် ဖေဖော်ဝါရီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ထမ်းများအနေဖြင့် ဥပဒေဆိုင်ရာ အခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျတာဝန် ထမ်းဆောင် နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် နိုင်ငံသားတိုင်းအနေဖြင့် သိရှိလိုက်နာစောင့်ထိန်းရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ခုလည်းဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတာဝန် များကို ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေအသိပညာရပ်များကို ပိုမိုသိရှိနားလည် တတ်ကျွမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး ဥပဒေနှင့် ငြိစွန်းနိုင်သည့်ကိစ္စရပ်များကို ရှောင်ရှား၍လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ယုံကြည်ချက် ခိုင်မာစွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်ဇင်က “နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ”ကို လည်းကောင်း၊ သင်တန်းနည်းပြများက “မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ၊ ဆိုက်ဘာလုံခြုံရေး ဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာ”တို့ကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆင်းဝန်ထမ်းများနှင့်အတူ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
(သတင်းစဉ်)