ဉာဏ်ရည်တု (AI) များ၏ ပြိုင်ဆိုင်မှုနှင့် ရှေ့အလားအလာ

 

ပြီးခဲ့တဲ့အပတ်မှာ Chat GPT အကြောင်း၊ သူ့ကိုဖန်တီးတဲ့ OpenAI အဖွဲ့အစည်းအကြောင်းနဲ့ အသုံးပြုပုံတွေကို ဖော်ပြခဲ့ပြီး ဒီတစ်ပတ်မှာတော့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ AI နဲ့ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေကို ဆက်ပြီးဖော်ပြမှာ ဖြစ်ပါတယ်။ အီလွန်မက်စ်ဟာ OpenAI ကိုစတင် တည်ထောင်စဉ် ၂၀၁၅ တုန်းက ပါဝင်ခဲ့ပေမယ့်တကယ်တမ်း ဒီ AI အတွက် အလုပ်လုပ်နေတာက ဆမ်အော့လ်မန်း (Sam Altman) ဆိုတဲ့ AI ပညာရှင်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ငွေထုတ်ပေးသူ အီလွန်မက်စ်နဲ့ အဆင်မပြေမှုကြောင့် ဆမ်အော့လ်မန်းဟာ မိုက်ခရိုဆော့ဖ်နဲ့ဆက်သွယ်ပြီး ရန်ပုံငွေ ရယူခဲ့ပါတယ်။

 

ဒါကြောင့်အခု Chat GPT ထွက်လာချိန်မှာ မိုက်ခရိုဆော့ဖ်ဟာ OpenAI ရဲ့ အဓိက ငွေကြေးထောက်ပံ့သူဖြစ်နေပြီး Chat GPT အစမှာ မပါခဲ့ပေမယ့် မိုက်ခရိုဆော့ဖ်ရဲ့ ပိုင်ဆိုင်မှု တစ်ရပ်အနေနဲ့ စတင်အသုံးပြုခွင့်ကို ရခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ သူ့ရဲ့ရှာဖွေရေး အင်ဂျင် Bing မှာ Chat GPT AI ကို ပေါင်းထည့်ဖို့ စီစဉ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်ကစလို့ ကမ္ဘာအနှံ့က စမ်းသပ် အသုံးပြုသူတွေကို အသုံးပြုခွင့်ပေးနေပြီ ဖြစ်ပါတယ်။ ရှာဖွေရေးအင်ဂျင် ပြိုင်ဆိုင်မှုမှာ ဂူဂဲလ်ကို အမြဲတမ်းရှုံးခဲ့တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ Bing ဟာ အခုအချိန်မှာ Chat GPT AI ကိုသုံးပြီး အသာစီးရယူဖို့ ကြိုးပမ်းနေပါတယ်။

 

တစ်ဖက်မှာတော့ Google ဟာ လည်း AI နည်းပညာတွေကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက စမ်းသပ်နေတာကြောင့် Chat GPT လို လူအများကို ထုတ်မပြသေးပေမယ့် အသုံးပြုနိုင်တဲ့ အခြေအနေ အဆင်သင့်ရှိနေပါတယ်။ Chat GPT နာမည်ကျော်ကြားလာတဲ့အတွက် ဂူဂဲလ်ကလည်း Bard လို့ နာမည်ပေးထားတဲ့ AI တစ်ခုကို စမ်းသပ်နေကြောင်းနဲ့ မကြာမီအတွင်းမှာ စတင် အသုံးပြုခွင့် ပေးသွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကြေညာခဲ့ပါတယ်။ အချိန်အတိအကျကို မပြောပေ မယ့် အခုမတ်လအတွင်းမှာပဲ ကမ္ဘာ တစ်ဝန်းက Developer တွေကို စတင် အသုံးပြုခွင့် ပေးနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ Bard AI ကို ဂူဂဲလ်ရဲ့ ရှာဖွေရေးအင်ဂျင်ထဲမှာ ပေါင်းထည့်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ GoogleTranslate လို ဘာသာပြန် ဝန်ဆောင်မှုတွေမှာပါ AI လုပ်ဆောင်ချက်တွေကို ထပ်ထည့်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

 

ဂူဂဲလ်နဲ့ Bing တို့က AI နည်းပညာတွေ မိတ်ဆက်လာချိန်မှာ တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီး ဘိုင်ဒူး (Baidu) ကလည်း Ernie Bot ဆိုတဲ့ AI တစ်ခုကို ဖေဖော်ဝါရီ ၇ ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဘိုင်ဒူးဟာ Ernie Bot AI ကို သူ့ရဲ့ ရှာဖွေရေးအင်ဂျင်မှာ သုံးမယ့်အပြင် သူ့ရဲ့ Cloud ဝန်ဆောင်မှုတွေနဲ့ စမတ်ကားတွေမှာပါ ထည့်သုံးမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ Ernie Bot AI ကို လက်ရှိအချိန်မှာ စမ်းသပ်နေပြီဖြစ်ကြောင်းနဲ့ မတ်လအတွင်း စမ်းသပ်မှုတွေ အပြီးသတ်မှာ ဖြစ်ကြောင်း၊ဒီ AI ကို ၂၀၁၉ ခုနှစ်ကတည်းက စမ်းသပ်ခဲ့ရာမှာ ဘာသာစကားနားလည်မှု၊ ဘာသာစကားဖန်တီးမှုနဲ့ စာသားကနေ ပုံအဖြစ်ဖန်တီးမှုတွေအပါအဝင် AI အလုပ်တွေကို တဖြည်းဖြည်းလုပ်ဆောင်နိုင်လာပြီ ဖြစ်ကြောင်းလည်း ဘိုင်ဒူးဘက်က ပြောထားပါတယ်။

 

အထက်က ရှာဖွေရေးအင်ဂျင်ကုမ္ပဏီ ကြီးသုံးခုလောက် အရှိန်မပြင်းပေမယ့် ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့ရဲ့မိခင်ကုမ္ပဏီ မီတာဟာလည်း AI ပြိုင်ပွဲထဲမှာ ပါဝင်နေပါတယ်။ မီတာဟာ လက်ရှိ အချိန်မှာလည်း သူ့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်က ကြော်ငြာစနစ်အတွက် ကိုယ်ပိုင် AI ကို တွင်တွင်ကျယ်ကျယ် သုံးနေသလို ဆိုရှယ်မီဒီယာတွေပေါ်က စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Comment နဲ့ Private Message တွေကနေတစ်ဆင့် အသုံးပြုသူတွေရဲ့ မေးခွန်းတွေအတွက် AI ကိုသုံးပြီး ပြန်ဖြေကြားပေးတာမျိုး တွေကို စမ်းသပ်နေပါတယ်။

 

နိဂုံး

 

ကွန်ပျူတာတွေ နားလည်တဲ့ ဘာသာစကားဆိုတာဟာ Python, C#, C++, Java, PHP တို့လို ရှုပ်ထွေးပြီး သီးသန့်ဆန်တဲ့ Programming Language တွေဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက Chat GPT မပေါ်ခင်အထိ အားလုံးလက်ခံထားခဲ့ပေမယ့်လက်ရှိ အချိန်မှာတော့ ChatGPTကြောင့် အင်္ဂလိပ်စာဟာ ကွန်ပျူတာတွေ နားလည်တဲ့ ဘာသာစကားဖြစ်လာပြီလို့ တင်စား ပြောဆိုလာကြပါတယ်။

 

ရှေ့ဆက်ပြီးတော့လည်း နည်းပညာ နယ်ပယ်မှာ AI တွေဟာ အခုထက်ပိုပြီး အရေးပါ အရာရောက်လာတော့မှာ မြင်နေရပါတယ်။ လက်ရှိမှာအရေးပါတဲ့ အလုပ်အကိုင် နေရာတချို့ဟာ မကြာခင်မှာ AI ကြောင့် ပျောက်သွားတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ အပြန်အလှန်အနေနဲ့ AI နည်းပညာကို အသုံးချနိုင်သူတွေအဖို့တော့ အလုပ် အကိုင် အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာနိုင်ခြေရှိနေပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ဆိုရှယ်မီဒီယာနဲ့ ဂိမ်းတွေမှာပဲ အချိန်ကုန်ခံမယ့်အစား AI နည်းပညာတွေကို တတ်နိုင်သမျှ လေ့လာသင်ယူကြဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

 

ကျော်ဇင်ဦး