နဝမအကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော် ဆုပေးပွဲကျင်းပ

ရန်ကုန် ၉  စက်တင်ဘာ 


ဝဿန်ရုပ်ရှင်ပွဲတော် ကျင်းပရေးကော်မတီကကြီးမှူး၍ နဝမအကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပသည်။


အခမ်းအနားတွင် ဝဿန်ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေး စီစဉ်သူ ဒေါ်သူသူရှိန်က ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် "အိပ်တန်းပြန်ငှက်" ဇာတ်ကားမှ အကောင်းဆုံး သရုပ်ဆောင်ဆုရ ဒေါ်မြင့်မြင့်သိန်းနှင့် ပရိတ်သတ်အကြိုက်ဆုံးဆုရ ဒါရိုက်တာညီဇော်ထွေး၊ "OPIUM FARMER" ဇာတ်ကားမှ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုရ ဒါရိုက်တာစုစုလှိုင်၊ "လူနာ" ဇာတ်လမ်းတိုရုပ်ရှင်ဇာတ်ကားမှ အကောင်းဆုံးဒါရိုက်တာဆုရ ဒါရိုက်တာဇော်ဘိုဘိုဟိန်း၊ "ကြား" ဇာတ်ကားမှ အမြင်သစ်ဆုရ ဒါရိုက်တာသံလွင်ဦးနှင့် "စိတ်ထိခိုက်"ဇာတ်ကားမှ အကောင်းဆုံးဒါရိုက်တာဆုရ ဒါရိုက်တာ မျိုးသားခင်တို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆု နှင့် ချီးမြှင့်ငွေများကို ပေးအပ်ကြသည်။


ဝဿရုပ်ရှင်ပွဲတော်ကို ၂၀၁၁ခုနှစ်မှ စတင်ကျင်းပခဲ့ရာယခုနှစ်တွင် (၉)ကြိမ်ရှိပြီးဖြစ်ကြောင်း၊ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားများ၊ အရှေ့တောင်အာရှနိုင်ငံ များမှ ရုပ်ရှင်ဇာတ်ကားများ၊ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်ဇာတ်ကား များနှင့် အန်နီမေးရှင်းရုပ်ရှင်ဇာတ်ကားများအပါဝင် စုစုပေါင်းရုပ်ရှင်ဇာတ်ကားများ (၉၀) ကျော်ပြသခဲ့ကြောင်း သိရသည်။


သတင်း- ဥမ္မာသန့်