နတ်မောက် အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများကို Online မှတစ်ဆင့် စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ရောင်စုံစက္ကူဖြင့် ဆီမီးခွက်ပြုလုပ်နည်းကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်စုံစက္ကူဖြင့် ဆီမီးခွက်ပြုလုပ်ခြင်းကို သီတင်းကျွတ်အခါသမယတွင် ကလေးငယ်များ အိမ်တွင်း၌နေ၍ စိတ်ပျော်ရွှင်စွာဖြင့် ပြုလုပ်တတ်ရန် ရည်ရွယ်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်အေးမြတ်နှင်းက ရောင်စုံစက္ကူ စာရွက်ခေါက်ဆီမီးခွက်ပြုလုပ်၍ ပြသခဲ့သည်။ ထိုသို့ပြုလုပ်နည်းကို နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
လှဝင်း