နတ်မောက်၊    ၃၀   ဒီဇင်ဘာ  

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စခန်းမကျေးရွာ၊ သာယာအေးကျေးရွာ၊ စာရံအိုင့် ကျေးရွာနှင့် န-လက္ခုပ္ပင်ကျေးရွာလေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်သိန်း  (၁၇၀ဝ)ကျော်ကို ဒီဇင်ဘာ  ၂၉  ရက် နံနက်ပိုင်းက ထုတ်ချေးခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှသိရသည်။

 

အဆိုပါ ကျေးရွာလေးရွာတွင် ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍  မြစိမ်းရောင် စီမံကိန်း အသင်းဝင်  (၄၇၇)ဦးအား အတိုးနှုန်း ပြား ၅၀ ဖြင့် ချေးငွေကျပ် သိန်း (၁၇၂၀) ထုတ်ချေးပေးခဲ့ပြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတာဝန်ခံ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေး ကွင်းဆင်းကြီးကြပ်ပေးခဲ့ကြသည်။

 

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိကျေးရွာပေါင်း (၃၆) ရွာတွင် အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရထံမှ သိရသည်။

 

သင်းသင်းဝေ (နတ်မောက်)