ညီညွတ်မှုစွမ်းပကားဖြင့် နိုင်ငံတည်ဆောက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် လူမှုရေး ဦးတည်ချက်သုံးရပ်ကို လက်တွေ့ အကောင်အထည်ဖော်လျက်ရှိသည်။

 

အဆိုပါ လူမှုရေးဦးတည်ချက်သုံးရပ်သည် နိုင်ငံတော်၏ မျက်မှောက်ကာလနှင့် အနာဂတ်ကာလအတွက် အရေးပါသော အချက်များဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားယဉ်ကျေးမှုတို့နှင့် သက်ဆိုင်သည့် စိတ်ဓာတ် များနှင့် ဝိသေသလက္ခဏာများသည် မြန်မာနိုင်ငံအတွက် အရေးကြီးသောအချက် များဖြစ်သည်။ ခိုင်ကျည်မြဲမြံသည့် အဆိုပါအချက်များဖြစ်ထွန်းနေ၍သာ ပြည်ထောင်စုကြီးသည် နှစ်ပေါင်းထောင်ချီ ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ လျော့ပါးလာပါက တိုင်းပြည်စည်းလုံးညီညွတ်မှု လျော့နည်း လာပြီး အန္တရာယ်အသွယ်သွယ် ကျရောက်လာနိုင်သည်။

 

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဂုဏ်ထည်ဝါစွာ နေထိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ သို့သော် နယ်ချဲ့ဗြိတိသျှတို့၏ ကျူးကျော်မှုကြောင့် ကျွန်ဘဝသို့ကျရောက်ခဲ့ပြီး ထီးသုဉ်းနန်းသုဉ်းဖြင့် ဘုရင်စနစ်ကွယ်ပျောက်ခဲ့သည်။ နယ်ချဲ့တို့သည် ဇာတိမာန်ထက်သန်သော မြန်မာတို့၏စိတ်ဓာတ်များနှင့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည် မှု၊ ပညာရေး၊ လူမှုရေးတို့ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ဖျောက်ဖျက်ကာ ကျွန်သက်ရှည်အောင်ပြုလုပ်ခဲ့သည်။ မတတ်သာ၍ လွတ်လပ်ရေးပေးခဲ့ရသော်လည်း စည်းလုံးညီညွတ်မှုပျက်ယွင်းသည့် ဆိုးမွေများကျန်ရစ်အောင် ဖန်တီးခဲ့၊ ဖန်တီးနေဆဲအခြေအနေများကိုလည်း သုံးသပ်ဆင်ခြင်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ခဲ့သည့် သမိုင်းသင်ခန်းစာများနှင့် မျက်မှောက်ကာလ အခြေအနေများကို ဆင်ခြင်မြော်တွေး၍ ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်၏ အရေးပါပုံကို သိရှိရမည်ဖြစ်သည်။ “အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်း သားစည်းလုံးညီညွတ်မှု ခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ ညီညွတ်သော စုပေါင်း စွမ်းပကားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး အောင်မြင်စွာတည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာအောင် စီမံဆောင်ရွက်လျက် ရှိပါသည်” ဟု နိုင်ငံတော်၏ ရည်မှန်းချက်နှင့် ဆောင်ရွက်ချက်ကို (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားသည်။

 

နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မနားမနေဆောင်ရွက်လျက်ရှိရာ လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသအသီးသီးမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ဆွေးနွေးကာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားတို့၏အကျိုးကို ရှေးရှု၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ရည်မှန်းထားသည့် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာမည်။

 

အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ ညီညွတ်သော စုပေါင်းစွမ်းပကားဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် အောင်မြင်မှုပန်းတိုင်မှာ အလှမ်းမဝေးဟုဆိုရမည် ဖြစ်သည်။ အဓိကမှာ စည်းလုံးညီညွတ်မှုစွမ်းပကားဖြစ်သည်။ ကိုလိုနီနယ်ချဲ့ လက်ဟောင်းလက်သစ်တို့၏ ရည်မှန်းချက်သည် ပြည်ထောင်စုအတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားရေးဖြစ်သည်ကို သတိပြုဆင်ခြင်ကြည့်ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုလျော့နည်းလာ၍ ပဋိပက္ခများဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ကို ခေါင်းစဉ်တပ်၍ ပြည်သူအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ပြားအောင် ဖန်တီးနေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏ အခြေခံဖြစ်သည့်၊ အစဉ်အလာကြီးမားခဲ့သည့် တိုင်းပြည်၏ ဝိသေသလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေပြီး အမျိုးသားရေး စိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုခိုင်မြဲအောင်အားထုတ်ကာ တိုင်းရင်းသားတို့၏ ညီညွတ်သောစုပေါင်း စွမ်းပကားဖြင့် အေးချမ်းသာယာ ဝပြောသောနိုင်ငံဖြစ်အောင် တည်ဆောက်ကြ ရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ