ညောင်ဦး   ၁၄      ဒီဇင်ဘာ        

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု   ဂျမ်းလှီးကျေးရွာတွင် ဒေသခံပြည်သူများ စက်ရေတွင်း ချို့ယွင်းပျက်စီးသွားသဖြင့် သောက်သုံးရေအခက်ကြုံတွေ့နေကြောင်း သိရ၍ ဒီဇင်ဘာ ၁၄ ရက် ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းက ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ပြီး သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

ညောင်ဦးမြို့နယ် ဂျမ်းလှီးကျေးရွာသည် အိမ်ခြေ(၁၀၀)ကျော်ခန့်ရှိပြီး ကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ်သောက်သုံးရေအတွက် ကျေးရွာရှိ အဝီစိစက်ရေတွင်းကိုသာ မှီခိုအားထားနေရကြောင်း သိရကာ ယခု စက်ရေတွင်း ချို့ယွင်းပျက်စီးသွားသဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲမဖြစ်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတအသင်းသား များက သောက်သုံးရေအလှူရှင်များ၏ လှူဒါန်းမှုအစီအစဉ်ဖြင့် ရေဂါလန် ၃၀၀၀ အား ကျေးရွာရှိ အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ငြိမ်း ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )