ပုဂံ ဇူလိုင် ၅
အိန္ဒိယနိုင်ငံမှ Archaeological Survey of India (ASI) အဖွဲ့သည် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၁၆၇၀) မဟာဗောဓိဘုရားအား အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အင်္ဂတေပန်းလက်ရာများ ကြေးချွတ် သန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နံရံဆေးရေးပန်းချီ ရှိ၊ မရှိ စမ်းသပ်ကွက်တွင် နံရံဆေးရေးပန်းချီ တွေ့ရှိခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မဟာဗောဓိဘုရား အပေါ်ထပ်ဂန္ဓကုဋိတိုက် အတွင်းပိုင်း ထုံးသားလွှာအောက်တွင် နံရံပန်းချီ ရှိ၊ မရှိ နမူနာအကွက်ငယ် ၁၃ ကွက်အား စမ်းသပ်ခဲ့ရာ အရှေ့ဘက်နံရံတွင် ထင်ရှားသော နံရံပန်းချီတစ်ကွက်၊ တောင်ဘက်နှင့် မြောက်ဘက်တွင် ဆေးသားမှိန်သည့် နံရံပန်းချီ တစ်ကွက်စီဖြင့် စုစုပေါင်း သုံးကွက်တွင် နံရံပန်းချီ ဆေးသားလွှာများကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပုဂံဒေသတွင် ရှေးဟောင်းအဆောက်အအုံ ပေါင်း ၃၈၃၇ ဆူရှိသည့်အနက် နံရံဆေးရေး ပန်းချီရှိသည့် ရှေးဟောင်းအဆောက်အအုံ အရေအတွက်မှာ ယခင်က ၄၁၆ ဆူရှိသည်ဟု မှတ်တမ်းတင်ခဲ့သော်လည်း ယခုအခါ ၁၃ ရာစု ခေတ်လက်ရာ မဟာဗောဓိဘုရားတွင် နံရံ ပန်းချီရှိကြောင်း ထပ်မံဖော်ထုတ်တွေ့ရှိခဲ့ သဖြင့် နံရံပန်းချီရှိဘုရားတစ်ဆူ ထပ်မံပေါ်ပေါက် လာသည့် အခြေအနေဖြစ်ပြီး မဟာဗောဓိ ဘုရားအား နိုင်ငံဖြတ်ကျော်ပူးတွဲအဆိုပြု ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် စီစဉ် ဆောင်ရွက်လျက်ရှိသဖြင့် ၎င်းဘုရားရှိ နံရံပန်းချီများ ပြန်လည်ဖော်ထုတ်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း


