ငါ့သရောက်   ၁  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်-စိတ္ထိန်း-ကမ်းဗြူလမ်းသည် ဩဂုတ် ၃၁ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မိုးရွာသွန်းမှုနှင့်အတူ ချောင်းရေတိုက်စားမှုကြောင့် မရိုးကုန်းချောင်းနှင့် ကမ်းပါးချောင်းဆုံရာ ရေကျော်လမ်းနေရာ ပျက်စီးခဲ့ပြီး ကားကြီးများ ဖြတ်သန်းသွား၍ မရတော့ကြောင်း ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ကားလမ်းရေကျော် အလျား ပေ(၅၀)ခန့်နှင့် ကားလမ်း အနံ(၁၅)ပေခန့် ပျက်စီးသွားပြီး ကားကြီးများ ဖြတ်သန်းသွား၍ မရတော့ကြောင်း သိရသည်။ 

 

ထိုလမ်းသည်   ငါ့သရောက်မှ ကျောက်ပန်းတောင်းသို့ လည်းကောင်း၊ ငါ့သရောက်-မြင်းခြံသို့ လည်းကောင်း သွားလာနိုင်ပြီး ကျောက်ပန်းတောင်းမြို့နယ် လျော်တောကျေးရွာ၊ နတ်ကန်လည်ကျေးရွာ၊ ဆည်ကျေးရွာနှင့် စီးမကျေးရွာထွက် သီးနှံများဖြစ်သည့် ငှက်ပျော၊ ခရမ်းချဉ်နှင့် မာလာကာသီး၊ ဩဇာသီးများကို ပခုက္ကူဈေးကွက်သို့ တိုက်ရိုက်ပြေးဆွဲနေသည့် ကားများ ဖြတ်သန်းရာ လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် စိတ္ထိန်း၊ ကမ်းဖြူ အိုရင်း၊ မောင်းဂွက်တော၊ စိုင်ခေါင်း၊ ထောက်ရှာကျေးရွာတို့၏ အဓိက ဆက်သွယ်ရေး လမ်းမကြီးဖြစ်သဖြင့် အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)