နေပြည်တော် ဇူလိုင် ၃၀
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် နှမ်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် ချောင်းမကြီး မျိုးသန့်ခြံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၁၂) မြို့နယ်မှ သင်တန်းသား တောင်သူလယ်သမားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတစ်ဝန်း၌ ရာသီဆီထွက်သီးနှံများကို နှစ်စဉ် ဧက(၈) သန်းကျော် စိုက်ပျိုးလျက်ရှိရာ နှမ်းသီးနှံ ဧက(၄)သန်းနီးပါး စိုက်ပျိုးလျက်ရှိသဖြင့် ဆီထွက်သီးနှံများ အနက် အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် သီးနှံတစ်ခုအဖြစ် တွေ့ရှိရကြောင်း၊ နှမ်းသီးနှံစိုက်ပျိုးရန် တစ်ဧကအတွက် အသုံးပြုရသည့် မျိုးစေ့ပမာဏ (၂)ပြည်သာ အသုံးပြုရပြီး မျိုးစေ့နှုန်းထား အနည်းဆုံး ဖြစ်သည့်အပြင် နှမ်းတစ်တင်းမှ ဆီ(၆)ပိဿာ ထွက်ရှိသဖြင့် ဆီပါဝင်မှုရာခိုင်နှုန်း အများဆုံးဖြစ်ကြောင်း၊ စားသုံးဆီ ထုတ် လုပ်ခြင်းအပြင် မြန်မာ့ရိုးရာမုန့် ပဲသရေစာအမျိုးမျိုးတွင် အသုံးများပြီး ပြည်ပဈေးကွက် လည်း ရှိနေခြင်းကြောင့် ဆီထွက်သီးနှံများထဲတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးသီးနှံဖြစ်ကြောင်း၊ ထို့ကြောင့် နှမ်းသီးနှံအများဆုံးစိုက်ပျိုးကြသည့် ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၁၂)မြို့နယ်မှ တောင်သူများကို ဦးစားပေးဖိတ်ခေါ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲ တစ်ဧက (၃)သိန်းကျပ်နှုန်း၊ နေကြာ တစ်ဧက (၂)သိန်း ကျပ်နှုန်း၊ နှမ်းတစ်ဧက (၁)သိန်းခွဲ ကျပ်နှုန်းနှင့်ညီမျှသော သွင်းအားစုများ ထုတ်ပေးပြီး ဆီစက်လုပ်ငန်းရှင်များက သီးနှံများ ပြန်လည်ဝယ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိသည်။ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် စီမံကိန်း၏ လုပ်ငန်းစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀) မြို့နယ်နှင့် မျိုး သန့်ခြံ(၂)ခြံတွင် နှမ်းသီးနှံဆိုင်ရာ သုတေသန စမ်းသပ်ကွက်များကို (၄)ရာသီ ဆောင်ရွက် ခဲ့ပြီး တောင်သူကွင်းသရုပ်ပြပွဲများကို ကျောက်ဆည်၊ ချောင်းမကြီး မျိုးသန့်ခြံ၊ မလှိုင်မျိုး သန့်ခြံနှင့် နတ်မောက်မြို့နယ်တို့တွင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
ယခုသင်တန်းတွင် နှမ်းမျိုးစေ့ ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်း နည်းပညာများကို မျှဝေပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ မျိုးစေ့ဘဏ်နှင့် မျိုးစေ့ထုတ် သုတေသနစိုက်ကွင်းများကို လက်တွေ့လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် RS အဆင့် (မျိုးသန့်မျိုးပွားမျိုးစေ့) ဆင်းရတနာ(၁၄) နှမ်းမျိုးစေ့များကို တောင်သူများအား ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရ သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ များဖြစ်ကြသည့် ချောင်းမကြီးခြံနှင့် ပျော်ဘွယ်ခြံတို့ကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စီပင်ခြံကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝါဂွမ်းချည်မျှင် တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် ဝါသီးနှံမျိုးသန့်များ စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေး၊ တောင်သူများအတွက် တွက်ခြေကိုက် ဝင်ငွေတိုးစေမည့် သီးနှံအထွက်ရရှိရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် မြေဆီဩဇာ ထက်သန်စေမည့် ဒေသပေါက် ပင်များ စိုက်ပျိုးဆောင်ရွက်ရန်လိုအပ်ချက်များ၊ မြေဆီလွှာ ကျန်းမာရေးအတွက် မြေလပ် မကျန် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများအား ပညာပေးစည်းရုံးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


