နမ့်ခမ်း၊ ၁၁ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးကြသည့် ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၁ နာရီက နမ့်ခမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပေးအပ်သည်။
“ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေကို အပြည့်အဝ ထောက်ပံ့တာ မဟုတ်သော်လည်း တစ်ဖက်တစ်လမ်းဖြင့် တောင်သူတို့ရဲ့ လူမှုစီးပွားကို အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်” ဟု နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ နမ့်ခမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က “ဘိန်းအစားထိုးသီးနှံများကို ဒေသ၊ ရေ၊ မြေ ရာသီဥတုတို့နဲ့ ကိုက်ညီဖြစ်ထွန်းတဲ့ နှစ်ရှည်၊ နှစ်တိုနှင့် စီးပွားရေးတွက်ခြေကိုက်တဲ့ ပြောင်း၊ ဝဥ၊ တရုတ်ရွှေပဲသီး (ပဲကြီး) တို့ကို တိုးချဲ့စိုက်ပျိုးဖို့ နည်းပညာနှင့် မျိုးရရှိဖို့ အခက်အခဲများနှင့် စိုက်ပျိုးလုပ်ငန်းနှင့် သက်ဆိုင်သည့် အခြား အခက်အခဲတို့ရှိလာပါက ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက ၂၀၂၀-၂၀၂၁ ခုနှစ် ဘိန်းအစားထိုး သီးနှံအတွက် ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာများကို ပေးအပ်ခဲ့ရာ ကျေးရွာမှ တောင်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ဆိုင်ထွန်း(ပြန်/ဆက်)


