နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၊ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိသိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်းတို့ကို ကပ်လှူပူဇော်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြမ်းစေတီပေါ်သို့တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်မြတ်၏ကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေး ဖူးမြော်ကြည်ညိုပြီး စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားများနှင့် သာသနာရေးဆိုင်ရာပစ္စည်းများကို ကပ်လှူပူဇော်ကာ ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ငြမ်းစေတီအထက်မှ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုမြင်ကွင်းများအား ကြည့်ရှုပြီး မြို့သာယာလှပရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 

ကပ်လှူပူဇော်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုများနှင့် ယခင်အလှူရှင်များ၏ လှူဒါန်းမှုများအား ကြည်ညိုသဒ္ဓါတရားပွားများဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေတိဂုံစေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်နေရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့က လှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်အား ကပ်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပေးသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ခေတ်အဆက်ဆက် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခဲ့မှုနှင့် ယခု ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အခြေအနေများကိုတင်ပြရာ၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ၆ ကျပ်သားရှိ ၁ ပေပတ်လည် ရွှေပြား (Gold Plate) အနေဖြင့် စုစုပေါင်း ၁၂၀၀ ချပ် လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိ ကပ်လှူပြီးစီးမှုမှာ ၁၀၆၀ ဖြစ်သဖြင့် ကပ်လှူရန်ကျန် ၁၄၀ ချပ် လိုအပ်လျက်ရှိမှု၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) အနေဖြင့် စုစုပေါင်း ၁၀၀၀၀ ချပ်လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိကပ်လှူပြီးစီးမှုမှာ ၇၅၀၀ ချပ် ဖြစ်သဖြင့် ကပ်လှူရန်ကျန် ၂၅၀၀ ချပ်လိုအပ်လျက်ရှိမှု၊ စေတနာရှင်အလှူရှင်များအနေဖြင့် ၆ ကျပ်သားရှိ ၁ ပေ ပတ်လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့်လှူဒါန်းနိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

လှည့်လည်ဖူးမြော်ကြည်ညို

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည့်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မပြတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့၏ အထင်ကရ စေတီတော်မြတ်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့် စေတနာရှင်ပြည်သူများက အစဉ်အဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ကြောင်း၊ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ၃ နှစ်လျှင်တစ်ကြိမ်၊ ၄ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်လျှင် တစ်ကြိမ်၊ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) ၄ နှစ်လျှင်တစ်ကြိမ်၊ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉ ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ငြမ်းစေတီကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ မင်္ဂလာရထားပျံဖြင့် ရွှေပြားသင်္ကန်းတော်များကို စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းများကို ယခုနှစ်မတ်လတတိယပတ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား (Gold Plate) ၁၄၀ ချပ်နှင့် ၁ ကျပ်သားရှိ ရွှေစင်ပြား (Gold Coating) ၂၅၀၀ ချပ်တို့ ကပ်လှူရန်ကျန်ရှိနေကြောင်းသိရှိရပြီး စေတနာရှင်အလှူရှင်များအနေဖြင့် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား (Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်းနှုန်းတို့ဖြင့် အသီးသီးပါဝင် ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်