နေပြည်တော် ၃ စက်တင်ဘာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဆွေတော်သမ္မတကြီးနှင့် သမ္မတကြီး၏ ဇနီးမဒမ်ကင်မ် ဂျောင်းဆုနှင့်တကွ ဂုဏ်သရေရှိ ကိုရီးယားကိုယ်စားလှယ်အဖွဲ့ဝင် ဧည့်သည်တော်များအား မြန်မာနိုင်ငံကို လာရောက်ရန် ဖိတ်ခေါ်ကြိုဆိုခွင့်ရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်မိသည်ကို ဦးစွာပြော ကြားလိုပါကြောင်း။
အဆွေတော် သမ္မတကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ ညစာစားပွဲနှင့် တည်ခင်းဧည့်ခံ ခွင့်ရရှိခဲ့သည့်အတွက် နှစ်ထောင်းအားရဖြစ်ရပါကြောင်း။
ယခုခရီးစဉ်သည် အဆွေတော်အနေဖြင့် မြန်မာနိုင်ငံကို လာရောက်သည့် ပထမဦးဆုံး ခရီးစဉ်ဖြစ်သကဲ့သို့ ကိုရီးယားနိုင်ငံမှ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးလာရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်သည့်အတွက် မြန်မာ - ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သမိုင်းမှတ်တမ်း ဝင်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့အပြင် အဆွေတော်၏ ယခုချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာလာစေရန် အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် အချိန်နှင့်အမျှ တိုးမြင့်လာခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုများ တိုးတက်လာမှုနှင့်အတူ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်များပြားစေခဲ့ပြီ ဖြစ်ပါကြောင်း။
မိမိတို့ နှစ်နိုင်ငံသည် အာရှနိုင်ငံများဖြစ်ကြသည်နှင့်အညီ ရေမြေသဘာဝနှင့် ယဉ်ကျေးမှုချင်း နီးစပ်မှုများရှိကြပါကြောင်း၊ လွတ်လပ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုများတွင် မိမိတို့ နှစ်နိုင်ငံလုံးတူညီသည့် အတွေ့အကြုံများရှိခဲ့ကြသည့်အတွက် ယင်းအတွေ့အကြုံများက နှစ်နိုင်ငံ ပိုမိုနီးစပ်မှု ရှိစေခဲ့ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ကိုရီးယား သမ္မတနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များမှတစ်ဆင့် အကူအညီများ အစဉ်အမြဲပေးအပ် လျက်ရှိသည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီနှင့် ဆောင်ရွက်လျက်ရှိသည့် ဆဲလ်မာအူးလ်ဒုံး (ကျေးရွာသစ်စီမံကိန်း)သည် မြန်မာနိုင်ငံ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း။
နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပြယုဂ်တစ်ခုဟု ပြောနိုင်သည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး တံတား(ဒလ) စီမံကိန်းသည် ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တံတားကြီး ပြီးစီးသွားသည့်အချိန်တွင် ရန်ကုန်မြို့နှင့် ဒလမြို့နယ်အကြား လမ်းပန်းဆက်သွယ်ရေးသာမက ယင်းဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်းများပါ ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း။
ယနေ့ နေ့လယ်ပိုင်းတွင် မိမိတို့ နှစ်ဦးအကြား၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခွင့် ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ အဆွေတော်သမ္မတကြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကျောင်းကားအစီး ၆၀ လှူဒါန်းပေးခဲ့ပြီး မြန်မာ - ကိုရီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူညီချက်နှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာပြီး ကိုရီးယားသမ္မတနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကိုလည်း အားရဖွယ်တွေ့မြင်ရပါကြောင်း၊ ယခုအခါတွင် ကိုရီးယားသမ္မတ နိုင်ငံသည် မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက် ရှိပါကြောင်း။
နှစ်နိုင်ငံအကြား အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍတွင် အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ကိုရီးယားသမ္မတနိုင်ငံမှ ယဉ်ကျေးမှု အနုပညာအဖွဲ့များ မကြာခဏ လာရောက်တင်ဆက် ဖျော်ဖြေလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ယဉ်ကျေးမှုများ တိုးမြှင့်ဖလှယ်ခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှု၊ ရင်းနှီးကျွမ်းဝင်မှု ပိုမိုတိုးပွားလာမည်ဟု ယုံကြည်ပါကြောင်း။
ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အလွန်တရာမှ အရေးကြီးသည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများအကြား အချင်းချင်း ကူးလူးဆက်သွယ်မှု တိုးမြှင့်ရန်အတွက် ကိုရီးယားနိုင်ငံသားများအား ကမ္ဘာလှည့်ဗီဇာ ကင်းလွတ်ခွင့်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင် ခွင့်ပြုပေးခဲ့ပါကြောင်း။
မိမိတို့အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ လာရောက်မည့် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးသွားမည်ကို ယနေ့တွင် ဝမ်းမြောက်စွာကြေညာအပ်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသစ်အဖြစ် ချမှတ်ခဲ့သည့် တောင်ပိုင်းဆိုင်ရာမူဝါဒသစ် (New Southern Policy) အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်သွားရေးအပေါ် အလေးထားမှုကို ကြိုဆိုပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံမှ လာမည့်နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ - ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်း အဝေးနှင့် မဲခေါင် - ကိုရီးယား ထိပ်သီးအစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ရလဒ်ကောင်းများရရှိစေရန် ဆုမွန်ကောင်းတောင်အပ်ပါကြောင်း။
ကိုရီးယားကျွန်းဆွယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများ ဆက်လက်ရရှိရေးအတွက် မိတ်ဖက်အားလုံးနှင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ အဆက်မပြတ် တက်ကြွစွာကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေဖြင့် ထောက်ခံအားပေးပါကြောင်း၊ အဆွေတော်အနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့် ကြိုးပမ်းမှုတွင် ကြီးမားသော အောင်မြင်မှုရရှိပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အတွက် ဆုမွန်ကောင်းတောင်ရန် ဖိတ်ခေါ်အပ်ပါကြောင်း။
အဆွေတော်သမ္မတကြီး မွန်ဂျေအင်းနှင့် ဇနီးတို့ ကျန်းမာရွှင်လန်းကာ အနာဂတ် ဆောင်ရွက်သမျှ အောင်မြင်မှုများ ရရှိပါစေ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားပြည်သူ ပြည်သားအပေါင်းတို့ ဆက်လက်ပြီး တိုးတက်သာယာဝပြောပါစေ၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ပါစေ၊ ယခုညချမ်းမှာ အခမ်းအနားကြွရောက်ချီးမြှင့်ကြသည့် ဧည့်သည်တော်များ အားလုံးကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေကြောင်း ပြောကြားသည်။
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက အမှာစကား ပြောကြားရာ၌ မိမိတို့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစတင်၍ နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်ခဲ့ကြသည့်အတွက် နိုင်ငံတော်သမ္မတကြီးနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း။
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကိုရီးယားစစ်ပွဲ ဖြစ်ပွားစဉ်အခါက မြန်မာနိုင်ငံမှ ဆန် လှူဒါန်းပံ့ပိုးပေးခဲ့မှုမှာ ထိုစဉ်က ကိုရီးယားနိုင်ငံသားများအတွက် ကြီးမားသည့် အထောက်အပံ့ကို ဖြစ်စေခဲ့ပါကြောင်း၊ ကိုရီးယားပြည်သူများအနေဖြင့် အဆိုပါကျေးဇူးတရားကို ယနေ့တိုင် အမှတ်ရနေဆဲဖြစ်ပါကြောင်း။
အဆွေတော် သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တိုးတက်မှုမှာ ၆ ရာခိုင်နှုန်းကျော်ဖြင့် လျန်မြန်စွာ တိုးတက်မှုရှိခဲ့ပြီးဖြစ်ရာ ယခုထက်ပိုမိုသည့် အံ့မခန်းဖွယ်ရာ တိုးတက်မှုများရရှိရန် မျှော်လင့်ပါကြောင်းနှင့် ကိုရီးယား နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုလုပ်ငန်းစဉ်များတွင် အမြဲအတူရှိမည်ဟု ကတိပြုပါကြောင်း။
မိမိ၏ ယခုခရီးစဉ်မှတစ်ဆင့် အဆွေတော်သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းသာယာဝပြောရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသည့်အနေဖြင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်နှင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်များမှာ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်းကို ကိုရီးယား-အာဆီယံနှင့် ကိုရီးယား-မဲခေါင် ဆွေးနွေးပွဲများတွင်လည်း သဘောတူညီခဲ့ကြပါကြောင်း၊ လာမည့် နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည့် ကိုရီးယား-အာဆီယံ အထူးထိပ်သီးအစည်းအဝေးနှင့် ကိုရီးယား-မဲခေါင် ဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲအပြီးတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ဇနီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်ရှိ သဘင်ဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှုပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေသည်။
ယဉ်ကျေးမှုပဒေသာကပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များအား အမှတ်တရပန်းခြင်း ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကိုရီးယားသမ္မတနိုင်ငံသမ္မတထံ ခရီးစဉ်မှတ်တမ်းဓာတ်ပုံ အယ်လ်ဘမ်ကို ပေးအပ်သည်။
သတင်းစဉ်


