နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကြာသေးမီကာလအတွင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာနှင့် ပြင်ဦးလွင်ဒေသများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ထုတ်ကုန်ပစ္စည်းများ ယခင်ကထက် ပိုမိုထုတ်လုပ်လာနိုင်ပြီး ထုပ်ပိုးမှုနှင့် အရည်အသွေးပိုင်းပါ ကောင်းမွန်လာသဖြင့် အားရကျေနပ်ဖွယ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်စီးပွားရေး ကောင်းမွန်လာစေရန် ကိုယ့်ခွန်ကိုယ့်အား ပြည်တွင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့်ပို့ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ပြည်ပပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ထုတ်ကုန် ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့် ဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းများဖြစ်ရန်လိုသည်။ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် ထုတ်ကုန်များ ဈေးကွက် ခိုင်မာမှုရှိစေရေး ဆောင်ရွက်နေရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။
MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာဈေးကွက်၌ ဝယ်လိုအားရှိသည့် ထုတ်ကုန်ပစ္စည်းများ ကုန်ကြမ်းမပြတ်ရရှိရေးကို ဒေသအလိုက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသည့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်သာမက အခြားနိုင်ငံများမှ MSME ထုတ်ကုန်ပစ္စည်းများကို သုတေသနပြုလုပ်၍ ဈေးကွက်ချဲ့ထွင် ထိုးဖောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်တွင်း၌ ကုန်ကြမ်းအလုံအလောက်ရှိသည့် ဝါ၊ ဝါး၊ ရော်ဘာ၊ ကော်ဖီတို့နှင့် ပတ်သက်၍ MSME လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ မြန်မာနိုင်ငံမှထုတ်လုပ်နေသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံတို့သည် ဈေးကွက်ရှိပြီးဖြစ်၍ ယခုထက်အရည်အသွေးပိုမိုကောင်းမွန်သည့် ဆန်နှင့် ပဲထုတ်ကုန် ပစ္စည်းများကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းရမည်ဖြစ်သည်။ ဥပမာအားဖြင့် အစဉ်အလာမပျက် ဂုဏ်သတင်းရှိပြီးဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး၊ ပုသိမ်ပေါ်ဆန်းမွှေးဆန်များနှင့် မတ်ပဲကဲ့သို့ အရည်အသွေး ကောင်းမွန်သော ပဲအမျိုးမျိုးတို့ကို ရောင်းအားမြှင့်တင်ဆောင်ရွက်သွားရန်လိုသည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီး ထုတ်ပေးခဲ့ပြီး ထပ်မံ၍လည်း MSME ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အလားအလာ ကောင်းသည့်နယ်ပယ်များနှင့် ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီး ထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန်အဟုန် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲက အသိပေးထားသည်။ ထို့အပြင်ဒေသတွင်း၌နေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသော မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက အသားငါးဈေးနှုန်းကြီးမြင့်မှုကို ထိန်းညှိပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အရင်းအနှီးများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ကထုတ်ချေးပေးသော အရင်းအနှီးများဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ ရှိပြီးဖြစ်၍ တစ်ဦးချင်းအနေဖြင့်မဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ဖော်ဆောင် ဆောင်ရွက်ကြရန်လိုအပ်သည်။ ယခုအခါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲကို MSME များ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ရန်၊ တန်ဖိုးမြင့် ထုတ်ကုန်အသစ်များကို ပြည်တွင်း၌ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်မှုကြောင့် စီးပွားရေး လုပ်ငန်းများ တိုးတက်လာစေပြီး ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်များကို အခြားဒေသမှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင် ဖော်ထုတ်လာနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရ၏ အားပေးမြှင့်တင်ပံ့ပိုး ကူညီဆောင်ရွက်ပေးမှုများကို ထိထိရောက်ရောက် အသုံးချပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများပေးအပ်နိုင်ရန်၊ နိုင်ငံတော်၏ စီးပွားရေး မြင့်မားတိုးတက်လာစေရန် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ