နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၉/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ၁၇ ဇွန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၉/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊  ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊  ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတိုင်းရှိ အစိုးရတိုင်းသည် နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင်ရွက်ရန်တာဝန်ရှိ ကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးပင်ဖြစ် ကြောင်း၊ ပြီးခဲ့သည့် ကောင်စီအစည်းအဝေးတွင် ဘဏ္ဍာနှစ်ပြောင်းလဲရေးအတွက် စီမံဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရပြီး နိုင်ငံတော်၏‌ ငွေလုံးငွေရင်းအသုံးစရိတ်များတွင် ပုဂ္ဂလိက ကဏ္ဍများ ပါဝင်သကဲ့သို့  နိုင်ငံတော်အစိုးရ၏ ကဏ္ဍသည်လည်း အထိုက်အလျောက် ပါဝင်လျှက်ရှိသည်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အလားတူ ပညာ သင်နှစ်သည် ပုံမှန်အားဖြင့် ဇွန်လ ၁ ရက်နေ့တွင်စတင်ပြီး မတ်လကုန်အတွင်း ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်ကာလကတည်းက ကျောင်းသား၊ ကျောင်းသူများ၏ နွေရာသီကျောင်းပိတ်ရက်၊ အဖြေလွှာစစ်ဆေးချိန်နှင့် ဆရာ/ဆရာမများ အနားယူရမည့်အချိန်များ တွက်ချက်ပြီးဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကျင်းပရာတွင်လည်း မတ်လဆန်းတွင် အစိုးရဖွဲ့ခြင်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး မိုးရာသီတွင် သီးနှံများ အဓိက ထားစိုက်ပျိုးကြကြောင်း၊ နိုင်ငံ၏အဓိကစီးပွားရေးသည် စိုက်ပျိုးရေး အပေါ်တွင် အခြေခံပြီး အဓိကသီးနှံဖြစ်သည့်စပါးမှာ မိုးရာသီကုန်တွင်သာအများဆုံး ထွက်ရှိသဖြင့် ပွင့်လင်းရာသီရောက်ရှိချိန်မှသာ စိုက်ပျိုးရေးထုတ်ကုန်များ ရောင်းချနိုင်သောကြောင့် နိုင်ငံတော်ဘတ်ဂျက်များကို မှန်ကန်စွာတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ ယခင်အစိုးရ လက်ထက်က ဘဏ္ဍာနှစ်ပြောင်းလဲခဲ့ချိန်တွင် စီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် အခက်အခဲများစွာ ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာနှစ်အား ရှေးယခင်က အတိုင်း ဧပြီတစ်ရက်နေ့မှစတင်ရန် ပြန်လည်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ခြင်း  ဖြစ်ကြောင်း။

အစိုးရရုံးပိတ်ရက်များ သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ခံစားခွင့် အနားယူမှု၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ဆောင်ရွက်မှုများကို ထည့်သွင်း စဉ်းစား ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် အခြားနိုင်ငံများထက် အစိုးရရုံးပိတ်ရက်များ ပိုမိုများပြားခြင်းကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို များစွာထိခိုက်မှုရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများလည်ပတ်ရာ၌ ရုံးပိတ်ရက်များတွင် လုပ်ခတိုးမြှင့်ပေးရမှု ကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရရုံးပိတ်ရက်များ ပြန်လည်ပြင်ဆင်သတ်မှတ်ရေး ဆောင်ရွက်ရာတွင် အစားထိုးရုံးပိတ်ရက်များအား လျှော့ချရန်အတွက် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာတို့၏နှစ်သစ်ကူးမဟာသင်္ကြန် ကာလအတွင်း ပြည်သူများ အနားယူ ဆောင်ရွက်နိုင်ရေး ထည့်သွင်းသတ်မှတ်ပေးထားကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ ဆောင်ရွက်မှုတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်သော်လည်း စိုက်ပျိုး ရေးကဏ္ဍသည် အခြားကဏ္ဍများထက် လျှော့နည်းနေသည်ကိုတွေ့ရှိရကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မှုနည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တွင် လယ်ယာကဏ္ဍ ပါဝင်မှုသည် ၂၁ ရာခိုင်နှုန်း ခန့်သာပါဝင်သဖြင့် လယ်ယာကဏ္ဍအား မြှင့်တင်ပေးရန်လိုအပ်ပြီး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးများကိုလည်း ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ စိုက်ပျိုးရေး ထုတ်ကုန်များတင်ပို့နိုင်ပါကပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍနှင့်ပတ်သက်၍ တိုးတက်မှုများရှိသော်လည်း ပြည်တွင်း စက်ရုံအလုပ်ရုံများ လည်ပတ်ထုတ်လုပ်မှုများ အားနည်းလျက်ရှိနေသေးကြောင်း၊ နိုင်ငံပိုင်စက်ရုံများသာမက ပုဂ္ဂလိကစက်ရုံအချို့လည်း ပုံမှန်အတိုင်းထုတ်လုပ် နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များကိုအားပေးပြီး ပြည်ပမှတင်သွင်းမှုများကို လျှော့ချဆောင်ရွက် ရန်လိုကြောင်း၊ ပြည်တွင်း၌ကုန်ထုတ်လုပ်မှုများ လျော့နည်းလာခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု အားကောင်းလာစေရေး အားပေးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျ စရိတ်များ သက်သာစေရေးအတွက် လျှပ်စစ်ဓာတ်အားခ နှုန်းထားများလျော့နည်းအောင်ဆောင်ရွက်ပေးခြင်း၊ ထိုက်သင့်သည့် လုပ်သားခများ ဖြစ်စေရေး ဆောင်ရွက်ပေးခြင်းနှင့် သယ်ယူပို့ဆောင်ရေးအတွက် ရထားလမ်းနှင့် ကားလမ်းများကောင်းမွန် အောင်ဆောင်ရွက်ပြီး တတ်နိုင်သမျှကူညီဖြည့်ဆည်း ပေးနိုင်ပါက ကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်ခု တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အရေးကြီးသည့် လိုအပ်ချက် ဖြစ်သဖြင့်လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မိမိမကြာခဏ ပြောကြားထားကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်သူတချို့သည် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်ခြင်းဖြင့်  ပြည်တွင်း၌ပင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဘဝတိုးတက်စေရေး ကျေးလက်ကိုအခြေခံသည့် စီးပွားရေး လုပ်ငန်း များကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း။

နိုင်ငံ၏ကျေးလက်စီးပွားရေးကို အထောက်အကူပြုနေသည့် လုပ်ငန်းများတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသည် အဓိကအရေးကြီးကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်ပသို့ နွားများတင်ပို့လျက်ရှိသဖြင့် ပြည်တွင်းမှလယ်ယာကဏ္ဍစိုက်ပျိုးရေးအတွက် အသုံးဝင်သည့် ခိုင်းနွားများလျှော့နည်းမသွားရန်လိုသကဲ့သို့ စက်မှုလယ်ယာကဏ္ဍ ကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပသို့နွားများတင်ပို့ရာတွင်ထုတ်ကုန် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုသကဲ့သို့ ဈေးနှုန်းများ ပြည့်ဝစွာရရှိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ၏မွေးမြူရေးအဓိက ထုတ်ကုန်များဖြစ်သည့် အမဲ၊ ဝက်၊ ကြက်နှင့် ရေထွက်ကုန်ပစ္စည်းများအား အဆင့်မြင့်မွေးမြူရေး ထုတ်ကုန်များ ဖြစ်အောင် ဆောင်ရွက်ပြီးပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ အလားတူ သဘာဝနွားနို့ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် ရှိပြီးဖြစ်သော မြေနေရာနှင့်စားကျက် မြေတို့ကို အကျိုးရှိစွာအသုံးချ၍ နို့စားနွားများမွေးမြူနိုင်ရေး အားပေးဆောင်ရွက်ရန်လို ကြောင်း။
လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့် ပတ်သက်၍ရထားလမ်းနှင့် ကားလမ်းများ အဆင်ပြေချောမွေ့ ကောင်းမွန်စွာသွားလာနိုင်ရန်လိုကြောင်း၊ ရထားပို့ဆောင်ရေး သည်  ပို့ဆောင်ရေးစနစ်၌ အကောင်းဆုံးပို့ဆောင်ရေးစနစ်တွင်ပါဝင်ကြောင်း၊ မိမိတို့ နိုင်ငံရှိရထားလမ်းများ အဆင့်မြှင့်တင်ရန်အတွက် များစွာလိုအပ်နေသဖြင့် ရထား လမ်းများအား ဦးစားပေးဖြင့် ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရထားလမ်းကောင်းမွန်ပါက နိုင်ငံ၏စီးပွားရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကသမဝါယမလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများကို တစ်ဖက်မှမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး လိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါများစေရေး ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို မလွဲမသွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး CDM ဝန်ထမ်းများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ နှောင့်ယှက်မှုများကြောင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း အခက်အခဲများ ကြားမှ တက်ရောက်သင်ကြားပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ပေးနိုင်မည့် ကျောင်းသား၊ ကျောင်းသူများ လူတစ်လုံး သူတစ်လုံး ဖြင့် ပညာတက်မြောက်ရေးအတွက် စာပေပညာများ သင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် စာပေသင်ကြားရာ၌ ကျောင်းသားနှင့် ဆရာအချိုး မျှတအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ အတွက်လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍအဆင့် မြှင့်တင်ရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုအချိန်တွင်  ဆောင်ရွက်ရမည့်ကိစ္စသည် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ  တရားမဝင် ဝင်ရောက်မှုများကို ထိထိရောက်ရောက် ဟန့်တားရန်လိုကြောင်း၊ ပြီးခဲ့သည့် လအနည်းအငယ်က တရားမဝင် မော်တော်ယဉ်များနှင့်ဆိုင်ကယ်များစွာ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ လိုင်စင်မဲ့ယာဉ်များကြောင့် လုံခြုံရေးကျိုးပေါက်ခဲ့သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ CCTV မှတ်တမ်းများတွင် နံပါတ်မပါသည့် မော်တော်ဆိုင်ကယ်များဖြစ်ပြီး နံပါတ်ပါရှိသည့် မော်တော်ဆိုင်ကယ် အချို့သည်လည်း နံပါတ်အတုများဖြစ် နေသည် ကိုတွေ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း၌ မော်တော်ဆိုင်ကယ် စီးနင်းခွင့်မပြုဘဲ စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပတွင်သာ စီးနင်းခွင့်ပြုထားကြောင်း။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအပိုင်းနှင့်စပ်လျဉ်း၍ မော်တော်ယာဉ်လိုင်စင် နှင့် မော်တော်ဆိုင်ကယ်လိုင်စင်အတုများ ပြုလုပ်စီးနင်းနေသည်ကို တွေ့ရကြောင်း၊ ပြည်ပ နိုင်ငံအချို့မှ မော်တော်ယာဉ်နံပါတ်ပြားများတွင် မော်တော်ယာဉ်အမျိုးအစား၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် မြို့နယ်အလိုက် အက္ခရာများ သတ်မှတ်ထားသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍မိမိတို့နိုင်ငံတွင်လည်း ထိုသို့ဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်ခြင်းဖြင့်  တရားမဝင်လိုင်စင်မဲ့ မော်တော် ယာဉ်များ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်စင်အသစ် လျှောက် ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပါက နံပါတ်ပြားအသစ် ပြောင်းလဲ ရမည်ဖြစ်ကြောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ  တရားမဝင် ဝင်ရောက်နေမှုကြောင့် တိုင်းပြည် အတွက် အခွန်ငွေများစွာနစ်နာပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် တရားမဝင်တင်သွင်းမှုနှင့် တင်ပို့မှုများကို ထိထိ ရောက်ရောက်ဟန့်တား သွားရမည်ဖြစ်ကြောင်း။

တရားမဝင် လမ်းကြောင်းများမှ အခွန်ရှောင်ပြီး ပစ္စည်းများ တရားမဝင် တင်သွင်းနေမှုများကြောင့် အိမ်နီးချင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရရှိသည့် အခွန်နှုန်းထားသည် များစွာလျော့နည်းနေသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင် တင်သွင်းမှုများကို အုပ်ချုပ်ရေးပိုင်းက ထိထိရောက်ရောက် တားဆီးသွားရန်လိုအပ်ပြီး ရသင့်ရထိုက်သည့် အခွန်အခများကိုရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီတာခများနှင့်စပ်လျဉ်း၍ ငွေကျပ်ဘီလီယံများစွာရရှိရန် ကျန်ရှိနေသည့် အတွက် အပြည့်အဝရရှိရေး ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ အစိုးရသည် ရရှိသည့် အခွန်အခများပေါ်တွင် ရပ်တည်ပြီးပြည်သူလူထု၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို စီမံဆောင်ရွက်ရကြောင်း၊ သို့ဖြစ်၍ အခွန်အခများအပြည့်အဝ ရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
စားသောက်ကုန်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်သျှူးနည်းဖြင့်  ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများ ထုတ်လုပ်လျက်ရှိကြောင်း၊ 
ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ပါက တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊  အစိုးရအနေဖြင့် ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိအနေဖြင့် သက်ဆိုင်ရာဌာနများအားဖြစ်၊ ချောင်းများ၌ ငါးမျိုးများစိုက်ထည့်ပေးရန် လမ်းညွှန်ထားကြောင်း။

နိုင်ငံတကာမှပေးအပ်ခဲ့သော အကူအညီများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် နိုင်ငံအတွက်အကျိုးရှိမည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင် ရာနိုင်ငံများမှ တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် ထိတွေ့ဆက်ဆံပြီး ဆက်လက် အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း။

အခွန်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွက် အခွန်အခရရှိပြီး ပုဂ္ဂလိကကဏ္ဍများ ငွေကြေးလည်ပတ်နိုင်ရန်အတွက် ထိုက်သင့်သည့် အခွန်နှုန်းထားများလျှော့ချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်ပြီး လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ နောင် လာမည့် အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဆောင်ရွက်ရမည့် ဘဏ္ဍာရေး ကာလတွင် အခွန်နှုန်းထားကို ထပ်မံစဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခွန်နှုန်းထားများ ကောက်ခံရာတွင် နိုင်ငံတကာစံနှုန်းများနှင့် အခြားအကျိုးဆက်မျာကို လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရကြောင်း၊ သို့သော်လည်း ပြည်တွင်း လုပ်ငန်းရှင်များ၊ ပြည်သူများနှင့် နိုင်ငံတော်အစိုးရတို့ အဆင်ပြေမည့် နည်းလမ်းများကို စဉ်းစား ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn