နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း

 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်)

 

ဒီနေ့ကျင်းပပြုလုပ်တဲ့   “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ သို့  တက်ရောက်လာကြတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ သုတေသနပညာရှင်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတဲ့ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ကျင်းပခဲ့တာ ယခု(၅၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီညီလာခံတွေမှာ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင် များရဲ့ ကြိုးပမ်းအားထုတ်မှုဖြင့် ထွက်ပေါ်လာသော သုတေသနရလဒ်များကို မီးမောင်းထိုးတင်ပြ ခွင့်ရပြီး ကျန်းမာရေးတွေ့ရှိချက် အသိပညာများကို ဆွေးနွေးခွင့်၊ ဖလှယ်ခွင့်ရရှိစေတဲ့ စင်မြင့် တစ်နေရာ ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်း ချက်ဖြစ်တဲ့ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေး ဆိုတဲ့ ရည်မှန်းချက်နှစ်ရပ်ကို ပြည့်မီစေနိုင်ဖို့ အတွက် များစွာအထောက်အကူ ဖြစ်စေခဲ့ပါတယ်လို့ သိရပါတယ်။

 

ကျန်းမာရေးဆိုင်ရာ သုတေသနများက ထွက်ပေါ်လာတဲ့ တိကျခိုင်မာတဲ့ ရလဒ်အခြေပြု သုတေသန တွေ့ရှိချက်များပေါ်မူတည်ပြီး ကျန်းမာရေးမူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျသော ခေတ်မီ ကုထုံးများကို ချမှတ်ဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဲဒီလိုအခြေခံအချက်အလက်များ ဖော်ထုတ်ရန် ဆောင်ရွက်သော သုတေသနများဟာ အရည်အသွေးမြင့်မားတဲ့ သုတေသနကောင်းများဖြစ်ဖို့ လိုအပ်လှပါတယ်။ ဒီလိုအရည်အသွေး မြင့်မား ဖို့အတွက် မှန်ကန်တဲ့သုတေသနနည်းပညာများကို အသုံးပြုဖို့လိုသလို သုတေသနကျင့်ဝတ်နဲ့ ညီညွတ်စွာဆောင်ရွက်ထားတဲ့ သုတေသနများဖြစ်ဖို့ အထူး လိုအပ်လှပါတယ်။

 

ဒီအချက်ကို မီးမောင်းထိုးပြဖို့ ယခုနှစ် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေ သနညီလာခံရဲ့ အဓိကသုတေသန ဦးတည်ချက် ခေါင်းစဉ်အဖြစ် “Enhancing Research Integrity and Research Ethics” “ခိုင်မာပြီး သုတေသန ကျင့်ဝတ်နှင့်ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့် ဆောင်ရွက်ကြပါစို့ လို့ သတ်မှတ်ထား ပြီး ယင်းနှင့်ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားတဲ့ သုတေသနကျင့်ဝတ် ကော်မတီများ မှ အတွေ့အကြုံရှိ ဝါရင့်သုတေသီပညာရှင်များမှ ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလို သုတေ သနကျင့်ဝတ်ဆိုင်ရာနည်းပညာများကို အတွေ့ အကြုံဖလှယ်ရင်း ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ သုတေသနကျင့်ဝတ်ကော်မတီများ ပိုမိုအားကောင်းခိုင်မာစေရေးအတွက် ရလဒ် ကောင်းများ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

 

ဒါအပြင် ယနေ့ကမ္ဘာကြီးမှာ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံများကြောင့် မကူးစက် တတ်သော ရောဂါများဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဝလွန်၊ ကင်ဆာစတဲ့ရောဂါများကို ကြိုတင် ကာကွယ်မှု၊ ထိရောက်စွာ ကုသနိုင်မှုအတွက် ရှေ့ဆက်ရမည့် ကျန်းမာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဝါရင့်သမားတော်ကြီးများ၊ ဆေးပညာရှင်များမှ ပါဝင်ဆွေးနွေးမည့် “မကူးစက်တတ်သော ရောဂါများကာကွယ်ခြင်း၊ ဖြစ်ပွားမှုလျော့ပါးအောင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဆိုင်ရာ ပညာရပ်ဆွေးနွေးပွဲကိုလည်း ကျင်းပမှာဖြစ်လို့ မကူးစက်နိုင်သော ရောဂါကာကွယ်တားဆီးရေးမှာ မှန်ကန် သော ကုထုံးများရရှိဖို့ အထောက်အကူကောင်းများရရှိမှာ မလွဲဖြစ်ပါတယ်။ ကင်ဆာရောဂါနှင့် ပတ်သက်ပြီး ပြည်တွင်း/ ပြည်ပမှ ပညာရှင်များ ပါဝင် ဆွေးနွေးမှာလည်း သိရပါတယ်။ ကင်ဆာနှင့်ပတ်သက်လို့ သုတေသနတွေ့ရှိချက် မြောက်မြားစွာ အပေါ် အခြေခံကာ လေ့လာသုံးသပ်ပြီး ရေးဆွဲခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာ ရှင်များရေးဆွဲခဲ့သည့် “Myanmar National Cancer Control Strategic Action Plan (2023-2027)” ကို မကြာသေးခင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ က အသိပေးမိတ်ဆက်ပေးခြင်း ဆောင်ရွက်နိုင်ခဲ့လို့ သုတေသနတွေ့ရှိချက်များ အရေးပါပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရပါတယ်။

 

မကူးစက်နိုင်တဲ့ရောဂါများ အရေးပါသလို ကူးစက်နိုင်သောရောဂါများဖြစ်တဲ့ ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့် သုတေသနပြုလုပ်နေဖို့လည်း လိုအပ်ပါတယ်။ ရောဂါကုထုံးသစ်များ၊ ကာကွယ်ဆေးများ ထုတ်ဖော်ဖို့ အရေးပါတဲ့အခြေခံအချက်အလက်များကို ဖော်ထုတ်နိုင်ဖို့အတွက် သုတေသနများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေဖို့လိုအပ်ပါတယ်။ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်) တွင် အဆင့်မြင့်မော်လီကျူး သုတေသနဌာန ဓာတ်ခွဲခန်း တည်ထောင်ခြင်းဟာ ယခု(၂၀၂၄) ခုနှစ် (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံမှာဆိုရင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။ ဒီဓာတ်ခွဲခန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အထောက်အပံ့နဲ့ ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဓာတ်ခွဲခန်း တည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက်မှာ ခေတ်မီနည်းပညာနဲ့ ဓာတ်ခွဲခန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအသုံးပြုပြီး ကူးစက်နိုင်သော ရောဂါသုံးမျိုးဖြစ်သည့် (ငှက်ဖျား၊ အသည်းရောင် အသားဝါ၊ တီဘီ) ဆိုင်ရာ သုတေသနစွမ်းရည်ကို အားကောင်းလာစေရန်နှင့် မြန်မာပြည်သူများ အတွက် ကူးစက်နိုင်သော ရောဂါများနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေရန်တို့ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းတွင် အဆင့်မြင့်ဓာတ်ခွဲခန်းနည်းပညာ အသုံးပြုထားသော ဇီဝလုံခြုံမှု အဆင့်(၂) အထက်ရှိ ဓာတ်ခွဲ ခန်းပါဝင်ပြီး သုတေသီများနှင့် နည်းပညာရှင်များအား ရက်ရှည်လေ့ကျင့်သင်ကြားပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အဆင့်မြင့်မော်လီကျူး သုတေသနစင်တာသည် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးကွဲများ၏ မျိုးရိုးဗီဇများကို ရှာဖွေဖော်ထုတ် စမ်းသပ်လေ့လာ သုံးသပ်ခြင်းများကို အစဉ်တစိုက် လုပ်ဆောင်နေပြီး ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀)ကျော်ကို ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အတွင်း ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ မျိုးကွဲဆိုင်ရာ အချက်အလက်များကို အများပြည်သူ သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းမျှဝေခဲ့တယ်လို့ သိရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

 

ရာစုနှစ် တစ်ခုကျော်အကြာမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မှတ်တမ်းမှတ်ရာများ နောင်လာနောက်သားများသိရှိစေဖို့အတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများ ပူးပေါင်းပြီး ကမ္ဘာ့ကပ် ရောဂါ ကိုဗစ်-၁၉ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ အဲဒီသုတေသနလုပ်ငန်းက ထွက်ပေါ်လာတဲ့ သုတေသနရလဒ် စာတမ်းများကို ယခုညီလာခံမှာ တင်သွင်းဖတ်ကြားမယ်ဆိုတာ သိရှိရတာကြောင့်မို့လို့ ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။

 

အရေးပါသော ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ တီဘီရောဂါနဲ့ပတ်သက်ပြီး ဆေးယဉ်ပါးတီဘီ ရောဂါအတွက် ကုထုံးသစ်တစ်မျိုးကို သုတေသန ပြုလုပ်ပြီး လူနာများတွင် လက်တွေ့အသုံးပြု ကုသမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။ ဒီဆေးယဉ်ပါးတီဘီအတွက် သုတေသန တွေ့ရှိချက် များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီး ယားနိုင်ငံမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေး မယ့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပသွား မှာလို့လည်း သိရှိရပါတယ်။

 

ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်း များတွင် အရည်အသွေးအာမခံမှုစနစ် တိုးမြှင့် အကောင်အထည် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်သော ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ထည့်သွင်းထား ကြောင်းလည်း သိရှိရပါတယ်။

 

ဒီနှစ် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ(၅)ရက် တိုင်တိုင် ကျင်းပမှာဖြစ်ပြီး သုတေသနစာတမ်း ၅၈ စောင်နှင့် သုတေသနပိုစတာ ၅၁ စောင်တို့ကို တင်သွင်း ဖတ်ကြားပြသသွားမှာလို့ သိရပါတယ်။ ကျန်းမာရေး ကဏ္ဍအသီးသီးမှ သုတေသနကောင်းများ ပေါ်ထွက်လာစေဖို့ သုတေသန ထောက်ပံ့ ကြေးများကို ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနရန်ပုံငွေ အထောက်အပံ့ပေးခဲ့တာဟာ ယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေ သီများအား သုတေသနစီမံချက် ၂၀၁ ခု ဆောင်ရွက် နိုင်ရန်အတွက် ခွင့်ပြုငွေကျပ် သန်း ၁၁၀၀ ကျော် ခွဲဝေချထားပေးပြီး သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

 

ညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းတာဝန်များ သတ်မှတ်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတယ်လို့သိရှိတဲ့အတွက် ညီလာခံကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖြစ်သော စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီ၊ သုတေသန စာတမ်းနှင့် ပိုစတာဖတ်ကြားတင်သွင်းရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ အကောင်း ဆုံး စာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် အထောက်အကူပြုဆပ်ကော်မတီတို့မှ တာဝန်ရှိသူများနှင့် စာတမ်း၊ ပိုစတာများ ဖတ်ကြားတင်သွင်းသူ သုတေသီများ၊ ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲများတွင် ပါဝင်ဆွေးနွေးကြသူ ပြည်တွင်း/ပြည်ပ ပညာရှင်များကိုလည်း မှတ်တမ်းတင် ချီးကျူးပါကြောင်း အလေးထားထည့်သွင်းပြောကြားလိုပါတယ်။

 

နိဂုံးချုပ်အနေဖြင့် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာ ခံကြီးကို ကျင်းပခြင်းဖြင့် ညီလာခံ၏ ရည်ရွယ်ချက်များဖြစ်သော ကျန်းမာရေးဆိုင်ရာ သုတေသန ဆောင်ရွက် ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်များ ပြည့်မီရုံမက ရရှိလာသော အထောက် အထားခိုင်မာသော သုတေသနရလဒ်များသည်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တစ်ခုဖြစ်တဲ့ “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ကို ပံ့ပိုးမည့်ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး သုတေသနကျင့်ဝတ်နှင့် ပြည့်ဝသော အရည်အသွေးမီ သုတေသနကောင်းများ အစဉ်တစိုက် ဆောင်ရွက်နိုင်ရေးအတွက် သုတေသီပညာရှင်များက မလျှော့ သော ဇွဲဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းကြ စေလိုကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။