နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား 

နေပြည်တော်၊  ၁ ဇွန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ပြီး နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်စေရေး၊ ခိုင်မာသည့် ဒီမိုကရေစီစနစ် ဖြစ်စေရေး နိုင်ငံတော်၏တာဝန်ကို တပ်မတော်မှ ခေတ္တတာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခြင်း ကို မည်သည့်နိုင်ငံတွင်မှ လက်ခံ၍ ရနိုင်မည်မဟုတ်ကြောင်း။

မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲတွင် မဲပမာဏ ပိုမိုများပြားစွာ ရရှိသူက အနိုင်ရရှိသည်ဖြစ်သော်လည်း မှန်ကန်သည့် မဲရလဒ်များဖြစ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ မဲဆန္ဒရှင်များအနေဖြင့် ရာနှုန်းပြည့် ပါဝင်မဲပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ ရွေးခြယ်ပေးလိုက်သည့် ကိုယ်စားလှယ်များသည် မိမိတို့ကိုယ်စား နိုင်ငံတော်အကြီးအကဲများကို မဲပေးရွေးခြယ်ကြမည့်သူများဖြစ်သဖြင့် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မဲမသမာမှုများပြုလုပ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိလာမည့်သူများသည် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန် မည်သို့မျှ မဖြစ်နိုင်သည်ကို စဉ်းစားသုံးသပ်ကြစေလိုကြောင်း။

တပ်မတော်အနေဖြင့် မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် မည်သို့ပင် ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းပေးခြင်းမရှိသည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ကာ နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်မှ တာဝန်ယူပြီး အစောပိုင်းကာလများတွင် ငြိမ်းချမ်းခဲ့ သော်လည်း နောက်ပိုင်းတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက် ဆူပူဆန္ဒပြသည့်အဆင့်၊ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုးဖောက်မှု အဆင့်များမှ တစ်ဆင့် အဖျက်အမှောင့် လက်နက်များကို ကိုင်ဆွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ် အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းအားထုတ်မှုများ စသည့် လက်နက်ကိုင် အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထိုသို့အကြမ်းဖက်မှုများကို လုံလောက်သည့် ဟန့်တားမှုများ ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း။

ထို့ပြင် အချို့သော နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်းခွင်များမှ အကြောင်းမဲ့ပျက်ကွက်၍ အဖျက်အမှောင့်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားနေ၍မရဘဲ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ကုသပေးရန် တာဝန်ရှိသည်ဖြစ်သော်လည်း လုပ်ငန်းတာဝန်များမှ ပျက်ကွက်လျက် ရှိနေကြကြောင်း၊ ပညာရေးဝန်ထမ်းများ အနေဖြင့်လည်း ကျောင်းနေအရွယ် ကလေးငယ်များကို အခြေခံပညာ သင်ကြားပြသပေးရမည့် တာဝန်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့တစ်ဦး တစ်ယောက်၏ စိတ်ခံစားချက်များနှင့် လုပ်ငန်းတာဝန်များကို ခွဲခြားသိမြင်ရန်လိုပြီး နိုင်ငံတော်အတွက် စဉ်းစားလုပ်ဆောင် ကြစေလိုကြောင်း။

ထိုကဲ့သို့ လုပ်ဆောင်မှုများ ရှိနေသည်ဖြစ်သော်လည်း မိမိတို့တိုင်းပြည်တွင် လုပ်ဆောင်ရန် များစွာရှိနေသောကြောင့် တတ်နိုင်သရွေ့ ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် ပျက်ကွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ နေရာတွင် အစားထိုး ခန့်ထားနိုင်ရေး လိုအပ်သည်များ လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင် တက်ရောက်လျက်ရှိပြီ ဖြစ်ကြောင်း၊ အရေးပေါ်ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ကာ တာဝန်လွှဲ ပြောင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ခေတ်အဆက်ဆက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသဖြင့် ယခုကဲ့သို့ ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ပေးနေရခြင်း ဖြစ်ကြောင်း၊ တပ်မတော်သားဘဝကို ခံယူခဲ့ကြသူများဖြစ်သည့်အတွက် တပ်မတော်သား ကောင်းပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ကြိုးပမ်းထမ်းဆောင် ကြစေလိုကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သည်နှင့်အညီ အမိန့် နာခံတတ်ပြီး စည်းကမ်းရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အရေး ကြီးသဖြင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုနှင့် ဆင့်ကဲကွပ်ကဲမှုစနစ်ရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိလက်အောက်ငယ်သားများ၏ အခက်အခဲ အကြပ် အတည်း များကို တော်တည့်မှန်ကန်စွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အသိ သတိ ရှိစွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရေးကို အခြေခံသင်တန်းများတက် ရောက်စဉ်ကပင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်သဖြင့် သင်ကြားပေးလိုက်သည့် ပညာ ရပ်များကို မှန်မှန်ကန်ကန် အသုံးချစေလိုကြောင်း၊ မိမိတို့၏ တိုင်းပြည်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုများကို ဂုဏ်ယူကြရန်နှင့် အနာဂတ်ကို ကြိုတင်မျှော်တွေး စဉ်းစား ကာ မိမိဘဝတိုးတက်ရန်  မိမိကိုယ်မိမိ တည်ဆောက်နေကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

သတင်းစဉ်