နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံ၏ပထမဦးဆုံးသော မီဒီယာဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှတာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများနှင့် အနုပညာရှင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ပင်မအဆောက်အအုံရှိ Auditorium ခန်းမ၌ LED Animation ပြသ၍ စတင်ဖွင့်လှစ်သည်။ ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “ငြိမ်းချမ်းဝေစည် တို့မြန်ပြည်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး “နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းစွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ” Video Clip ကို ပြသသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV Entertainment Channel ရုပ်သံလိုင်းအသစ်၊ MRTV DVB- T2 စနစ်ဖြင့် ရန်ကုန်၊ နေပြည်တော် (ပျဉ်းမနား) နှင့် စစ်ကိုင်း (မန္တလေး) တို့တွင် High Definition (HD) အရည်အသွေးဖြင့် ရုပ်သံလိုင်း ၁၂ လိုင်းထုတ်လွှင့်နေမှုမှ တစ်လိုင်းထပ်မံတိုးချဲ့၍ Mahar HD ရုပ်သံလိုင်းအသစ်ထုတ်လွှင့်မှုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရေဒီယိုထုတ်လွှင့်မှုကို MRTV Radio Application ဖြင့် Online လွှင့်တင်မှုတို့အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏အစ “ရန်ကုန်ရေဒီယို (Rangoon Radio)” ကဟု ခေါ်တွင်ခဲ့ရာက “ဗမာ့အသံ(Burma Broadcasting Service - BBS)”ဟု အမည် ပြင်ဆင်ခဲ့သည့် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့သည်ကို လေ့လာတွေ့ရှိရကြောင်း။
နေပြည်တော် ကောင်စီနယ်မြေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၆၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခါသမယကစတင်ပြီးကျင်းပခဲ့ရာ ယခုအခါ (၁၈) ကြိမ်မြောက်ကျင်းပနိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ယခုလိုအခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ဦးစွာပြောကြားလိုကြောင်း။
မော်ကွန်းမှတ်တိုင်တစ်ခုစိုက်ထူ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မိမိတို့နိုင်ငံတွင် ကာလရှည်ကြာအစဉ်အလာနှင့် ရပ်တည်ခဲ့သည့် နိုင်ငံပိုင်မီဒီယာဌာနကြီးတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် တာဝန်ကျေပွန်ခဲ့သလို ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ (၇၉) နှစ်ပြည့်မြောက်သည့် သမိုင်းမော်ကွန်း မှတ်တိုင်တစ်ခုကို မားမားမတ်မတ်နှင့် ဝင့်ဝင့်ကြွားကြွား စိုက်ထူနိုင်ခြင်းပင်ဖြစ်သည်ဟု အသိအမှတ်ပြုပြောကြားလိုကြောင်း။
MRTV ၏ နှစ်ပတ်လည်နေ့အခမ်းအနားနေ့များတွင် ပြုပြင်ပြောင်းလဲဆန်းသစ်မှုများကို တစ်နှစ်ထက်တစ်နှစ်၊ တစ်ခုပြီးတစ်ခုတိုးတက်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူကို ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများ ပိုမိုဆောင်ရွက်ပေးနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့မြင်နေရကြောင်း။
အားပေးချီးမြှောက်
(၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နေပြည်တော်၌ လေ့လာဖွယ်ရာနေရာအသစ်တစ်ခုဖြစ်လာသည့်တစ်မူထူးခြားသော “MRTV စိန်ရတုပြတိုက်ကြီး” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် နိုင်ငံတကာရုပ်သံဌာနကြီးများ၏ သတင်းသီးသန့်ရုပ်သံလိုင်းများလို “MRTV News Channel” အသစ်တစ်ခုနှင့် တစ်နိုင်ငံလုံး လွှမ်းခြုံထုတ်လွှင့်နိုင်သည့် ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သော Direct To Home – DTH စနစ်နှင့် ထုတ်လွှင့်ပြသနိုင်ရန် “MRTV – DTH” ကို ဖွင့်လှစ်ပေးခဲ့သည်အထိ အားပေးချီးမြှောက်ဂုဏ်ပြုခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းသည် နိုင်ငံ့အကြီးအကဲအနေဖြင့် နိုင်ငံပိုင်မီဒီယာအပေါ်တွင် မည်မျှအထိ အလေးထားအားထားကြောင်းကို ပေါ်လွင်ထင်ရှားလျက်ရှိကြောင်း။
အလားတူ (၇၇ )နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင်လည်း MRTV News Channel ကို အရန်စတူဒီယိုမှတစ်ဆင့် ထုတ်လွှင့်နေရာမှ “MRTV News Channel Studio” အသစ်တစ်ခုကို သီးသန့်အသုံးပြုထုတ်လွှင့်နိုင်ရန် ဖွင့်လှစ်ပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် (၇၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင်လည်း အာဆီယံနိုင်ငံများက “Analogue Switch Off - ASO” ဟုခေါ်သည့် Analogue စနစ်နှင့် ရုပ်သံထုတ်လွှင့်မှုရပ်ဆိုင်းပြီး Digital စနစ်နှင့် ထုတ်လွှင့်ရန်သဘောတူညီထားကြသည့်အတိုင်း နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီး သုံးမြို့အတွက် ထပ်ဆင့်လွှင့်စက်ရုံသုံးရုံမှ ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်းနိုင်ရန် Pilot Project အဖြစ် ကြေညာလုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ တစ်ဆက်တည်းမှာပင် အဆိုပါ မြို့ကြီးသုံးမြို့တွင် မူလက Digital Video Broadcasting Terrestrial - 2 (DVB-T2)စနစ်ဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံ ၁၈ လိုင်းတွင် High Definition (HD)Quality နှင့် ရုပ်သံလိုင်းနှစ်လိုင်းသာထုတ်လွှင့်နိုင်ခဲ့ရာမှ HD နှင့် ၁၁ လိုင်းအထိ အဆင့်မြှင့်တင်ပြီး တိုးချဲ့ထုတ်လွှင့်ပေးခဲ့သည်ကိုတွေ့ရကြောင်း၊ ထို့အပြင် Direct To Home(DTH) စနစ်ဖြင့် ရုပ်သံလိုင်း ခုနစ်လိုင်းသာထုတ်လွှင့်နေရာမှ ရုပ်သံလိုင်း ၁၉ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်ကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း။
ယနေ့ (၇၉) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် MRTV ၏ DVB-T2 စနစ်နှင့် ထုတ်လွှင့်မှုတွင် မူလက ၁၈ လိုင်းနှင့် ထုတ်လွှင့်ခဲ့ရာကနေ တစ်လိုင်းထပ်မံတိုးချဲ့ပြီး “MRTV Entertainment Channel (me)” အသစ်တစ်လိုင်းကို HD အရည်အသွေးနှင့် ထုတ်လွှင့်နိုင်ရန်ယနေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကြီးသုံးမြို့တွင် (Standard Definition-SD) အရည်အသွေးနှင့်ထုတ်လွှင့်နေရာက အရည်အသွေးမြင့် (High Definition – HD) ရုပ်သံလိုင်းသုံးလိုင်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ၎င်းအနက် တစ်လိုင်းကို မဟာရုပ်သံအတွက် ခွင့်ပြုပေးကာ ယနေ့တွင်ပင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။
MRTV ၏ Broadcast Media များဖြစ်သည့် TV နှင့် Radio တို့မှ ထုတ်လွှင့်ခဲ့ရာက ခေတ်နှင့်အညီ လူတိုင်းလက်လှမ်းမီစွာ အရှိန်အဟုန်နှင့် အသုံးပြုလာကြသည့် Mobile Phone များပေါ်တွင် “MRTV Application”နှင့် ကြည့်ရှုနိုင်ရန် စတင်ထုတ်လွှင့်ပေးခဲ့ရာ ယခုအခါရေဒီယိုကဏ္ဍကို သီးခြားခွဲထုတ်ပြီး “MRTV Radio Application” ကိုလည်း တစ်ဆက်တည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။
အသိအမှတ်ပြုပြောကြား
ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် MRTV က ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆန်းသစ်တီထွင်လိုစိတ်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းထမ်းဆောင်နိုင်ကြသဖြင့် ထွက်ပေါ်လာသည့် အောင်မြင်မှုရလဒ်များဖြစ်ကြောင်း အသိအမှတ်ပြုပြောကြားလိုကြောင်း။
ယခုအခါတွင် MRTV သည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုဖြစ်သော နုပျိုသစ်လွင်ပြီး သွက်လက် ထက်မြက်သော၊ ဆန်းသစ်ခေတ်မီသော နိုင်ငံတော်မီဒီယာပုံစံအသစ် နှင့်အညီ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ မူလရည်မှန်း ချက် (၃) ရပ်ဖြစ်သည့် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်နှင့် ဖျော်ဖြေပေးရန် တာဝန်များကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် New Media ဖြစ်သည့် Online Media များကနေ ထုတ်လွှင့်တင်ဆက်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏ နေ့ကြီး၊ ရက်ကြီး၊ အခမ်းအနား ကြီးများတွင်လည်း ကဏ္ဍစုံကနေ တက်ကြွစွာပါဝင်ဆောင်ရွက်နေသည်ကို ဂုဏ်ယူဖွယ်တွေ့ရကြောင်း။
ထို့အပြင် နိုင်ငံတော်၏ ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်စွန့်စားစားထမ်းဆောင်နေကြသည့် “တပ်မတော်သား” များအတွက် ရှေ့တန်းစစ်မြေပြင်၊ တပ်စခန်းနေရာများအထိ သွားရောက်ဖျော်ဖြေပြီး စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်နေကြသည့် “နိုင်ငံ့ ဝန်ထမ်း” များ အပန်းပြေစေရန် ဖျော်ဖြေတင်ဆက်ပေးခြင်း၊ အနာဂတ်နိုင်ငံတော်တွင် အားကိုးအားထားပြုရမည့် “လူရည်ချွန်” များ ပျော်ရွှင်လန်းဆန်းတက်ကြွစေရန် အပန်းဖြေစခန်းများအထိ သွားရောက်ဖျော်ဖြေပေးခြင်းစသည့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကိုလည်း ထဲထဲဝင်ဝင်တိုးမြှင့် ဆောင်ရွက်ပေးသည်ကို တွေ့မြင်နေရသည့်အပြင် MRTV အနေဖြင့် တိုင်းရင်းသားဘာသာ စကား ၁၈ မျိုးအပါအဝင် စုစုပေါင်းဘာသာစကား ၂၀ မျိုးဖြင့် ထုတ်လွှင့်နိုင်ခြင်းသည်လည်း ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။
စုပေါင်းနေထိုင်ခဲ့
ယနေ့ ကမ္ဘာ့နိုင်ငံများ၏ မျက်မှောက်အခြေအနေနှင့် မိမိတို့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေ များအရ တိုင်းရင်းသားအားလုံး ချစ်ကြည်စွာစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲစေရန်၊ အမျိုးသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရေးတို့အတွက် ပြန်ကြားရေးဝန်ကြီး ဌာန၏ ဦးဆောင်မှုနှင့် မီဒီယာပိုင်းက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရန် အရေးကြီးသည်ကို မှာကြားလို ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်ပေါင်းထောင်ချီပြီး စုပေါင်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း။
ထိန်းသိမ်းစောင့်ရှောက်
သမိုင်းကြောင်း အစဉ်အလာအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများ စုပေါင်းတည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမည့် အခြေအနေအမျိုးမျိုး ကြုံတွေ့ခဲ့ရချိန်တိုင်းတွင် တပ်မတော်နှင့်အတူ နိုင်ငံနှင့်ပြည်သူကို ချစ်မြတ်နိုးကြသည့် မြန်မာနိုင်ငံသားအားလုံးက (We are Myanmar) ဆိုသည့် မြန်မာစိတ်၊ တစ်သွေးတစ်သားတည်းစိတ်၊ စုစည်းညီညွတ်သည့်စိတ်၊ စည်းလုံးညီညွတ်သည့်စိတ်၊ စိတ်ဝမ်းမကွဲပြားသော စိတ်ဓာတ်အားမာန်များနှင့် စုပေါင်းပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ထိုသို့ သမိုင်းအစဉ်အလာကောင်းသည့် မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို မပျက်ယွင်းစေဘဲ သမိုင်းပေးတာဝန်ကို ကျေပွန်အောင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်သမိုင်းကြောင်း ကောင်းအောင်၊ အခြားနိုင်ငံများနည်းတူ တန်းတူဖွံ့ဖြိုးတိုးတက်လာအောင်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်နှင့်အတူတကွ လက်တွဲအကောင်အထည်ဖော်ကြရန်လိုကြောင်း။
အမိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်မှာ နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒအမှန်ဖြစ်သကဲ့သို့ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံးက ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ချစ်ခင်ရင်းနှီးစွာ အတူတကွနေထိုင်လိုကြသည့် ဆန္ဒအမှန်လည်းဖြစ်ကြောင်း။
ပြည်သူအတွက်ကြိုးပမ်း
သို့သော် ယခုအချိန်တွင် တိုင်းရင်းသားပြည်သူများအတွင်း အချင်းချင်းသံသယဝင်အောင်၊ သွေးကွဲအောင်၊ မုန်းတီးမှုများဖြစ်လာအောင် သွေးခွဲရန်တိုက်မှုများ၊ မြှောက်ပင့်သွေးထိုးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြည်တွင်းပြည်ပက စွက်ဖက်မှုမျိုးစုံနှင့် ပြုလုပ်နေကြသည်မှာ အထူးသဖြင့် ပြည်ဖျက်မီဒီယာများက သတင်းတု သတင်းမှားများနှင့် ကောလာဟလများကို မဟုတ်မမှန်ထုတ်ဖော်ပြသခြင်း၊ သတင်းမှားများ တင်ဆက်ခြင်းများကလည်း မိမိတို့နိုင်ငံအတွက် အလွန်အင်မတန်မှ ကြီးမားသည့် အန္တရာယ်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အပါအဝင် ဝန်ကြီးဌာနအောက်ရှိဌာန အသီးသီးအနေဖြင့် နိုင်ငံတော်မီဒီယာဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် နိုင်ငံတော်နှင့် ပြည်သူအတွက် ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် အထူးမှာကြားလိုကြောင်း။
MRTV အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက်က MRTV ၏ ဝန်ထမ်းဟောင်းများက သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ ကြသည်ကို အသိအမှတ်ပြု ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း MRTV ၏ မျိုးဆက်သစ်ဝန်ထမ်းများကလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အလျင်အမြန်ငြိမ်းချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်စေရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ သမိုင်းပေးတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ကြရန် ထပ်ဆင့်မှာကြားလိုကြောင်း။
ရုပ်မြင်သံကြားထုတ်လွှင့်ရာတွင် Professional ဖြစ်ရန်နှင့် မိမိတို့ ထုတ်လွှင့်လိုက်သည့် အစီအစဉ်များသည် လူအများစိတ်ဝင်စားပြီး လူကြီးလူငယ်၊ လူရွယ်လူလတ်အားလုံး လွယ်လွယ်ကူကူ သိရှိနားလည်မှတ်သားစေနိုင်မည့် အစီအစဉ်များဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတကာကသတင်းထုတ်လွှင့်မှုများကို လေ့လာပြီး မိမိတို့၏အားနည်းချက်များကို အားသာချက်များအဖြစ်တိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လေ့လာဆည်းပူး
ယနေ့ကာလသည် နည်းပညာခေတ်ဖြစ်ပြီး AI ခေတ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ MRTV သည် နည်းပညာအခြေခံဖြင့် လုပ်ဆောင်နေရသည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် နည်းပညာနှင့်အတတ်ပညာများကို ခေတ်နှင့်အညီ လိုက်ပါဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ရုပ်မြင်သံကြားထုတ်လွှင့်ရေးလုပ်ငန်းများကို အတွေ့အကြုံကောင်းကောင်း၊ အသိအမြင် ကျယ်ကျယ်နှင့် ဆောင်ရွက်သွားကြရန်လည်း လိုအပ်သည့်အတွက် လေ့လာ ဆည်းပူးခြင်းနှင့် ဖတ်မှတ်လေ့လာမှုများကို အလေ့အကျင့်ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင်အသံနေအသံထားနှင့် အသံထွက်၊ အဖြတ်အတောက်များ မှန်ကန်ရန်နှင့် ရုပ်ရည်အနေအထားကလည်း တည်တည်ကြည်ကြည်၊ ပျော့ပျော့ ပျောင်းပျောင်း၊ နားထောင်ကြည့်ရှုနေသူများကို ဆွဲဆောင်မှုရှိပါက မိမိတို့၏ထုတ်လွှင့်မှုများသည် ပိုမိုထိရောက်မည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့်အညီ လိုက်ပါအသုံးပြုပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အမြင်သစ်၊ အသွင်သဏ္ဌာန်အသစ်များနှင့် ဖန်တီးထုတ်လုပ်ပြီး ဆန်းသစ်တင်ဆက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။
ကြိုးပမ်းဆောင်ရွက်
မြန်မာနိုင်ငံတွင် မီဒီယာနှင့်အနုပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ၊ ပန်းပေါင်းစုံဖူးပွင့်လန်းဆန်းရာပန်းဥယျာဉ်ကြီးသဖွယ်ဖြစ်အောင်၊ ပြည်သူများ အားကိုးအားထားပြုရသော တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပြုနေသည့် မြန်မာနိုင်ငံ၏ စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထုအားလုံးအပြင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားများအတွက် သတင်းအချက်အလက်အပါအဝင် အသိပညာဗဟုသုတများ မျှဝေပေးခြင်း၊ ဖျော်ဖြေ တင်ဆက်ပေးခြင်းများနှင့် ပရိသတ်များ၏ စိတ်နှလုံးတွင် မှတ်မှတ်ထင်ထင် စွဲစွဲမြဲမြဲဖြစ်အောင် စွမ်းဆောင်ပေးကြရန်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏(၇၉) နှစ်မြောက်သည့် နှစ်ပတ်လည်နေ့မှသည် ရှေ့ရာစုနှစ်ပေါင်းများစွာအထိ ကောင်းသတင်းများမွှေးပျံ့မှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်စွာလျှောက်လှမ်းမှုတို့နှင့် တင့်တင့်တယ်တယ် ရှင်သန်ရပ်တည်နိုင်ပါစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၇၉) နှစ်မြောက် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ငွေကျပ် ၇၅ သိန်းကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်ကို ဂါရဝပြု ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က MRTV Multiplayout Package တွင် မူလရုပ်သံလိုင်း ၁၈ လိုင်းမှ ၁၉ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင် ရန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စက်မှုဌာနခွဲ၊ Earth Station ဌာန စိတ်မှ ဝန်ထမ်းများ၊ နေပြည်တော် (ပျဉ်းမနား)၊ ရန်ကုန်နှင့်စစ်ကိုင်း၊ မန္တလေးမြို့တို့တွင် HD ရုပ်သံလိုင်း သုံးလိုင်းတိုးမြှင့်ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းခဲ့သော လွှင့်စက်ပြုပြင်ထိန်းသိမ်းရေးဌာနစိတ်မှဝန်ထမ်း များ၊ တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ အာရှပစိဖိတ် ရုပ်သံလုပ်ငန်းအဖွဲ့အစည်း ABU မှစီစဉ်ကျင်းပခဲ့ သည့် ABU Diversity and Inclusion Media Award 2024 တွင် “Major Workforce Of MRTV” ခေါင်းစဉ်ဖြင့် ထူးချွန်ဆု ရရှိခဲ့သည့် MI Channel မှ ဝန်ထမ်းများကိုယ်စား ဦးစီးအရာရှိ ဒေါ်အေးအေးကျင်၊ တရုတ်နိုင်ငံ CGTN Myanmar မှ စီစဉ်ကျင်းပခဲ့သည့် “မှတ်မိစွဲထင်အမှတ်တရခရီးစဉ်” ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အသံလွှင့်ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်စုသက်မှူးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု မြဝတီတေးဂီတအဖွဲ့နှင့် ပြင်ပအနုပညာရှင်များက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နိုင်ငံတော်သံစုံတီးဝိုင်း၊ နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ဖြင့်တွဲဖက်၍ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ သတင်းစတူဒီယိုများ၊ ထုတ်လွှင့်ခန်းများ၊ Convergence News Room အခန်းများကို လေ့လာခြင်း၊ MSME Promo များအား မြန်မာနှင့်တိုင်းရင်းသားဘာသာများဖြင့် ရိုက်ကူးထုတ်လုပ်နေမှုများ၊ AI နည်းပညာဖြင့် ရုပ်သံထုတ်လွှင့်နိုင်ရန် လေ့လာစမ်းသပ်နေမှုများ၊ အသံသွင်း Studio တွင် “အရုပ်မျက်နှာပန်းမျက်နှာ” အသံသွင်း ဇာတ်လမ်းသရုပ်ပြ အသံသွင်းနေမှုများကို လိုက်လံကြည့်ရှုရာ ကဏ္ဍအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြကြမှုများအပေါ် လိုအပ်သည်များကို မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့်နေ့လယ်စာကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများနှင့်အတူ ရင်းရင်းနှီးနှီးသုံးဆောင်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်းတစ်ခုဖြစ်ပြီး ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်မှန်းချက်များနှင့်အညီ ထုတ်လွှင့်တင်ဆက်လျက်ရှိသည်။
၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်ရေဒီယို (Rangoon Radio) မှ ဗမာ့အသံ (Burma Broadcasting Services –BBS)အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၁၉၈၀ ပြည့်နှစ်နိုဝင်ဘာ ၁ ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန်ထုတ်လွှင့်ခဲ့သည်။ ယခုအခါ MRTV HD၊ MRTV News၊ MRTV NRC၊ MRTV Farmers’၊ MRTV Parliament၊ MRTV Sports ရုပ်သံလိုင်းများ နှင့် ဖက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့်ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသား ဘာသာ ၁၇ မျိုးပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိ သည်။
ပြည်သူများအရုပ်၊ အသံအရည်အသွေးကောင်းမွန်သည့် အစီအစဉ်များ ဖမ်းယူကြည့်ရှု နားဆင်နိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့်နေသည့် DVB T2 စနစ် တွင် HD Quality ဖြင့် ဌာနပိုင်ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းများအပါအဝင် ၁၈ လိုင်း ထုတ်လွှင့်ရာမှတိုးချဲ့ Mahar HD ရုပ်သံလိုင်းသစ်ကို ယနေ့စတင်ထည့်သွင်းထုတ်လွှင့်ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform တွင် ဌာနပိုင်နှင့် ပုဂ္ဂလိကရုပ်သံလိုင်းများအပါအဝင် စုစုပေါင်းရုပ်သံလိုင်း ၁၉ လိုင်းဖြင့် ထုတ်လွှင့်လျက်ရှိရာမှ MRTV ၏ ဖျော်ဖြေရေးသီးသန့် ရုပ်သံလိုင်းMRTV Entertainment Channel ကို တိုးချဲ့ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ အလားတူပြောင်းလဲလာသည့် ခေတ်နှင့်အညီ Online Media ဖြင့်လည်း လွှင့်တင်လျက်ရှိရာ MRTV Application (MRTV App) နှင့် MRTV Web Portal၊ Facebook၊ Telegram ၊ Tiktok တို့အပြင် ရေဒီယိုသီးသန့် နားဆင်နိုင်မည့် MRTV Radio App ကိုလည်း စတင်လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
ယနေ့အချိန်တွင် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန် စသည့်ရည်ရွယ် ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန်ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV သည် (၇၉) နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင် မီဒီယာကြီးတစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်