နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေး အရင်းအနှီး (Capital)၊ လူ့လုပ်အား (labour) နှင့် မြေယာ (land) တစ်နည်းအားဖြင့် သဘာဝသယံဇာတများဟူသည့် အရင်းအမြစ် သုံးမျိုးအပြင် အတတ်ပညာနှင့် နည်းပညာသည် စတုတ္ထမြောက် အရေးပါဆုံး အရင်းအမြစ်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက မိန့်ဆိုသည်။ ငွေကြေးအရင်းအနှီးနှင့် အတတ်ပညာ၊ နည်းပညာ ချို့တဲ့ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက တားဆီးပိတ်ဆို့နေသည့် အခက်အခဲများဖြစ်ပြီး အရင်းအနှီးနှင့် နည်းပညာရရှိရေးမှာလည်း ခက်ခဲရှုပ်ထွေးစွာ ဆောင်ရွက်ကြရသည်ဟု ဆိုကြသည်။
တစ်နည်းအားဖြင့်လည်း ငွေကြေးအရင်းအနှီး ချို့တဲ့ခြင်းနှင့် အတတ်ပညာ၊ နည်းပညာ နိမ့်ကျခြင်းတို့မှာ ဆက်စပ်လျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအား တိုးမြှင့်ရာတွင် ချို့တဲ့နေသည့် အဆိုပါအရင်းအမြစ်နှစ်ရပ်ကို အားကောင်းလာစေရန် မဖြစ်မနေ ဆောင်ရွက်ကြရန်လိုသည်။ ငွေကြေးအရင်းအနှီးကို ပြည်တွင်းရရှိနိုင်သည်များမှ အတတ်နိုင်ဆုံး ခြိုးခြံချွေတာ စုဆောင်းရယူခြင်းနှင့် ပြည်ပမှရင်းနှီးမြှုပ်နှံမှုရယူခြင်း၊ အတတ်ပညာ၊ နည်းပညာတွင်လည်း ပြည်တွင်းတွင် မူဝါဒနှင့် အစီအစဉ်များ ချမှတ်၍ စနစ်တကျဖွဲ့စည်းရယူခြင်းနှင့် ပြည်ပမှ တင်သွင်းရယူခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ကြသည်ကို ယေဘုယျအားဖြင့် တွေ့ရှိနိုင်သည်။
မျက်မှောက်ကာလတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ တီထွင်ဖန်တီးမှုများနှင့် နည်းပညာများရှိပြီးဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများက အဆိုပါအတတ်ပညာ၊ နည်းပညာများကို အလွယ်တကူရယူအသုံးပြုနိုင်သည်ဟု ဆိုစေကာမူ လက်တွေ့တွင် ဤမျှလွယ်ကူရှင်းလင်းမှု မရှိဟူ၍ဆိုသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ အတတ်ပညာ၊ နည်းပညာများကို ဖွံ့ဖြိုးဆဲနိုင်ငံများက အလိုရှိတိုင်း မပေးခြင်း၊ အချို့ပေးအပ်သည့် နည်းပညာများတွင်လည်း မိမိတို့နိုင်ငံ အခြေအနေနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြုပြင်ပြောင်းလဲရန်လိုအပ်ခြင်း၊ ခေတ်နောက်ကျဟောင်းနွမ်းနေသည့် နည်းပညာများ၊ ၎င်းတို့နိုင်ငံတွင် မသုံးတော့ဘဲ စွန့်ပစ်ထားပြီးဖြစ်သည့် နည်းပညာများကိုသာ ပေးအပ်ခြင်း စသည်တို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ နည်းပညာတင်သွင်းရယူနိုင်ရန် အခက်အခဲ တွေ့ကြုံကြရသည်။
မည်သို့ပင်ဆိုစေ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီဖြစ်ထွန်းစေမည့် အတတ်ပညာ၊ နည်းပညာများကို ပြည်ပမှတင်သွင်းရန် လိုအပ်သကဲ့သို့ ပြည်တွင်း၌လည်း သုတေသနပြုတီထွင်ဖန်တီးမှု ပြုလုပ်ကြရမည်ဖြစ်သည်။ ပြည်ပမှ နည်းပညာသုံးစက်ရုံများ ဝယ်ယူ တည်ဆောက်ခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်း၊ ကျွမ်းကျင်မှုအကူအညီ ရယူခြင်း၊ ပြည်ပ နည်းပညာများကို မိမိနိုင်ငံနှင့် ကိုက်ညီအောင်ပြုပြင်ခြင်း၊ သုတေသနများ ထူထောင်ခြင်း၊ ပညာတော်သင်များ စေလွှတ်ခြင်း၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ခြင်း စသည်တို့မှာ ပြည်ပမှ နည်းပညာရယူမှု နည်းလမ်းများဖြစ်ပြီး ပြည်တွင်းနည်းပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်း၊ စက်မှု၊ အခြားကျွမ်းကျင်မှုနှင့် သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ ဖွင့်လှစ်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနများ ထူထောင်ခြင်း၊ နိုင်ငံသားများအား စက်မှု သိပ္ပံနည်းပညာများနှင့် ပိုမိုထိတွေ့စေခြင်း စသည်ဖြင့် ပြည်တွင်း၌ ဆောင်ရွက်ရန်လည်း ပညာရှင်များက အဆိုရှိသည်။
သို့ဖြစ်ရာ မိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီးများ ထူထောင်နိုင်ရန် ကြိုးပမ်းအားထုတ် အလုပ်လုပ်၍ ကုန်ထုတ်မြင့်မားရေး၊ ခြိုးခြံချွေတာရေးနည်းလမ်းများ ကျင့်သုံးကြရန် လိုအပ်သကဲ့သို့ ပြည်တွင်းအတတ်ပညာ၊ နည်းပညာများ ကိုယ်ပိုင်ရရှိနိုင်ရန်အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးထားသည့် စက်မှု၊ စိုက်/မွေး သက်မွေးပညာကျောင်းများ၊ ပညာရေး အခွင့်အလမ်းများကို အခြေခံ၍ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အလေးဂရုပြု၍ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း