မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတတည်ရှိမှု လျော့နည်းကျဆင်းလျက်ရှိနေပြီဖြစ်ရာ ငါးမျိုးမပြုန်းတီးရေးအတွက် ငါးရစ်ငါးသန်ကာလတွင် ငါးမဖမ်းရရာသီသတ်မှတ်၍ ရေရှည်စားသုံးနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိရာ နားလည်လက်ခံသည့် လုပ်ငန်းရှင်များရှိသကဲ့သို့ လတ်တလော အခက်အခဲကို သည်းမခံနိုင်သည့် လုပ်ငန်းရှင်များ၊ ငါးမဖမ်းရရာသီအတွင်း ငါးခိုးဖမ်းနေသော ရေယာဉ်များ ရှိနေကြောင်း သတင်းများတွင်တွေ့ရသည်။ ငါးမဖမ်းရရာသီ သတ်မှတ်ခြင်းသည် ငါးသယံဇာတ လျော့နည်း ကျဆင်းလာသည့် အခြေအနေကြောင့် မဖြစ်မနေ ဆောင်ရွက်ရခြင်းဖြစ်ပြီး မိမိတို့နိုင်ငံကဲ့သို့ပင် အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဆောင်ရွက်နေပြီး ငါးခိုးဖမ်းခြင်းများမရှိစေရန် ၎င်းတို့၏ စစ်ရေယာဉ်များ၊ ကမ်းခြေစောင့်ရေယာဉ်များဖြင့် စောင့်ကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ဝေနိုင်ငံမှ သုတေသနရေယာဉ်ဖြင့် သုတေသနပြုလုပ် တွေ့ရှိချက်အရ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတတည်ရှိမှုမှာ ၁၉၇၉ -၁၉၈၀ ခုနှစ်များနှင့် နှိုင်းယှဉ်ပါက ရေပေါ်နေငါး ၈၀ ရာခိုင်နှုန်း၊ ရေအောက်နေငါး ၆၀ ရာခိုင်နှုန်းခန့် ကျဆင်သွားခဲ့သည်ဟု ဆိုသည်။ လက်တွေ့အားဖြင့်လည်း ပင်လယ်ပြင် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေကြသူများကိုယ်တိုင် ငါးဖမ်းဆီးရမိမှု လျော့နည်းကျဆင်းလာမှုကို ကိုယ်တွေ့သိရှိကြပြီးဖြစ်သည်။ ငါးအထိအမိ နည်းပါးလာခြင်းသည် ငါးအလွန်အကျွံ ဖမ်းဆီးခဲ့ခြင်း၏ အကျိုးဆက်ကြောင့်ပင်ဖြစ်ပြီး မဆင်မခြင် ဆက်လက်ဖမ်းဆီးကြသည်နှင့်အမျှ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ခက်သည်ထက်ခက်ခဲလာ ကြမည်ဖြစ်သည်။ နှစ်စဉ် ငါးရစ် ငါးသန် ထသည့်ကာလဖြစ်သော ဧပြီ၊ မေ၊ ဇွန် သုံးလကို မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ထားသော်လည်း ယခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ကာလအလိုက်၊ ငါးဖမ်းကိရိယာ အမျိုးအစားအလိုက် ဖြေလျှော့ပေးထားကြောင်း သတင်းများအရ သိရသည်။
ငါးမဖမ်းရရာသီ သုံးလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ဝိုင်းကြီးချုပ် ငါးဖမ်းရေယာဉ်အမျိုးအစားကို ဧပြီလတစ်လ၊ ဧရာဝတီတိုင်းဒေသကြီးတွင် အင်္ဂလန်ကျားပိုက်အမျိုးအစားကို ဧပြီလတစ်လ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကင်းမွန်နှင့် ဝိုင်းကြီးချုပ် ငါးဖမ်းရေယာဉ်အမျိုးအစားတို့ကို ဧပြီလနှင့်မေလ၊ မွန်ပြည်နယ်တွင် ဘုံကျောင်းကျားပိုက်နှင့် အင်္ဂလန်ကျားပိုက် အမျိုးအစားတို့ကို ဧပြီလတစ်လ ငါးဖမ်းခွင့်ပြုထားပြီး ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ၊ မေ၊ ဇွန် သုံးလ ရပ်နားထားကြောင်းနှင့် ကမ်းနီးငါးဖမ်းလှေများကို ခွင့်ပြုခြင်းဖြင့်ဖြေလျှော့ပေးထားခြင်းဖြစ်ရာ ဝါလတ်လှေအချို့ ငါးခိုးဖမ်းနေကြခြင်းလည်း ဖြစ်သည်။
ငါးသယံဇာတများ ရေရှည်တည်တံ့ရေးသည် နိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံရေး၊ ရေလုပ်ငန်းရှင်များအတွက် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့နှင့် သက်ဆိုင်သည်။ ကန့်သတ်ထားသည့် ငါးဖမ်းကိရိယာများသုံးစွဲ၍ ငါးဖမ်းဆီးခြင်း၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ကမ်းနီးသို့ဝင်ရောက်ဖမ်းဆီးခြင်း၊ ငါးမဖမ်းရရာသီ တားမြစ်ချက် ဖောက်ဖျက်ခြင်း စသည်ဖြင့် စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ဆောင်ရွက်ကြခြင်းဖြင့် ငါးမျိုးပြုန်းတီးကာ ငါးကို အရုပ်ရေးကြည့်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ လျော့နည်းကျဆင်းလာသည့် ငါးသယံဇာတများ ပြန်လည်တိုးပွားလာရေးအတွက် သက်ဆိုင်ရာက ငါးမဖမ်းဆီးရရာသီများ သတ်မှတ်ဆောင်ရွက်ခြင်း၊ ငါးဖမ်းရေယာဉ်များကို Vessel Monitoring System ဖြင့် စောင့်ကြည့်ခြင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်များနှင့်ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တနင်္သာရီ ငါးဖမ်းရေပြင်အတွင်း လန်ပိကျွန်းအောက်ဘက်ရှိ ငါးဖမ်းကွက်ခြောက်ကွက်တွင် ငါးသယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေးဇုန် သတ်မှတ်၍ ငါးဖမ်းဆီးမှု ပိတ်ပင်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ငါးလုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူများအားလုံးက ပူးပေါင်းပါဝင်ကြခြင်းအားဖြင့် မြန်မာ့ပင်လယ်ပြင်တစ်ခုလုံး ငါးသယံဇာတ ပြန်လည်ပေါများ ကြွယ်ဝပါစေကြောင်း။
မြန်မာ့အလင်း