ငါ့သရောက်မြို့တွင် ပဲစင်းငုံ တစ်ပိသာ ၁၁၅၀ ကျပ်သာ ရောင်းချရသောကြောင့် တောင်သူများ တွက်ခြေမကိုက်

ငါ့သရောက်မြို့တွင် ပဲစင်းငုံ တစ်ပိဿာ ၁၁၅၀ ကျပ်သာ ရောင်းချရသောကြောင့် တောင်သူများ တွက်ခြေမကိုက်

 

ငါ့သရောက်  ၂၆  ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ပဲစင်းငုံပေါ်ချိန် ရောင်းချရာတွင် တစ်ပိဿာ  ၁၁၅၀ ကျပ်သာရရှိသဖြင့် ပဲစင်းငုံစိုက်တောင်သူများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း သိရသည်။

 

ပဲစင်းငုံအား  ကဆုန်လ၊ နယုန်လများတွင် နှမ်းဖြင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ မြေပဲခင်းများတွင် တန်းကြောင်းချ၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ပဲစင်းငုံ သီးသန့်စိုက်ပျိုးမှု သိပ်မရှိဘဲ သီးထပ်အဖြစ်သာ စိုက်ပျိုးမှုများကြောင်း၊ နှမ်းများရိတ်သိမ်းချိန်တွင် ပဲစင်ငုံပင်များ မြေဆွပေးသကဲ့သို့ဖြစ်ကာ အပင်ဖြစ်ထွန်းလွယ်ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးမျိုးမောင်ကပြောကြားသည်။

 

01

 

ပဲစင်းငုံစိုက်ရာတွင် မြေဆီမြေနှစ် အလွန်စုပ်ယူကြောင်း၊ ပဲစင်းငုံစိုက်ပျိုးပြီး နောက်နှစ် ထပ်မံကြဲပက်စိုက်ပျိုးလျှင် မဖြစ်ထွန်းကြောင်း၊ ပဲစင်းငုံတစ်သီးစိုက်လျှင် ရှစ်လ၊ ကိုးလ ကြာမြင့်ခြင်းကြောင့် ပဲစင်းငုံစိုက်ပြီး ဈေးမကောင်းခြင်း၊ ပဲစင်းငုံမဖြစ်ထွန်းခြင်းများ ပေါ်ပေါက်လာပါက တောင်သူများအင်မတန်နစ်နာကြောင်း၊ ကဆုန်၊ နယုန်တွင် ကြဲပက်စိုက်ပျိုးသည့် ပဲစင်းငုံတစ်သီးအား နတ်တော်လနှင့် ပြာသိုလတွင်မှ ခုတ်ယူရကြောင်းနှင့် အပွင့်လှိုင်လှိုင်ပွင့်ချိန်၊ ဝတ်မှုံကူးချိန်ဖြစ်သည့် တန်ဆောင်မုန်းလတွင် မိုးသည်းကြီးမဲကြီးမိပါက ပဲစင်းငုံ အပင်ကောင်းသော်လည်း ပဲစင်းငုံရဖို့ မသေချာကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်မှရှင်းပြသည်။

 

ငါ့သရောက်မြို့မှ ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်းငုံခုတ်သိမ်းပြီးချိန် ပခုက္ကူဈေးကွက်နှင့် မြင်းခြံ၊ ကျောက်ပန်းတောင်း ဈေးကွက်များသို့ သွားရောက်ရောင်းချကြရာ ပဲစင်းငုံတစ်ပိဿာ ၁၁၅၀ ကျပ်ရရှိပြီး ပဲစင်းငုံတစ်တင်းကို ပဲစင်းငုံပိဿာ ၂၀ ရှိကြောင်း၊ တစ်တင်းလျှင်  ၂၃၀၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် ပဲစင်းငုံစိုက်တောင်သူများ တွက်ခြေမကိုက်ကြောင်း ဦးသန်းထိုက်ကရှင်းပြသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း