ငါ့သရောက်မြို့ အမှတ်(၂) ထန်းငယ်တောရပ်ရှိ စည်ပင်ရုံးလမ်းမကြီးအား စုပေါင်းပြုပြင်

ငါ့သရောက် ၂၃  ဩဂုတ်  


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂)ထန်းငယ်တောရပ် စည်ပင်ရုံးလမ်းမကြီး ကျောက်ခဲများပေါ်နေကာ လမ်းတလျှောက် ပျက်စီးနေသည့်အတွက် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်နေပြည်သူများ စုပေါင်းပြုပြင်နေကြကြောင်း သိရသည်။


အဆိုပါ စည်ပင်ရုံးလမ်းမကြီးပျက်စီးနေသည့်အတွက် အမှတ်(၂) ထန်းငယ်တောရပ် ကန်ဆွယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိဏ္ဏိတ ဦးဆောင်တော်မူကာ ဖောကားများဖြင့် မြေနီကျောက်စရစ်ဝယ်ယူကာ ကျောက်ကြမ်းခဲများပေါ်နေပြီး ပျက်စီးနေသည့် လမ်းတလျောက် ဖြန့်ကျက်ကာ ရပ်ကွက်နေ စေတနာရှင်ပြည်သူများမှ လုပ်အားပေး လမ်းပြုပြင်ခြင်း ကုသိုလ်ယူကြကြောင်း သိရကာ ထိုစည်ပင်ရုံးလမ်းသည် (၃)ဖာလုံခန့် ရှည်လျားကြောင်း အဆိုပါလမ်းမကြီးတွင်လမ်းဦးစီးဌာန၊ မြို့စည်ပင်သာယာရေး အဖွဲ့ရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ရှိသည့်လမ်းမကြီးဖြစ်ကာ ကျောက်ကြမ်းများပေါ်နေခြင်းကြောင့် ဆရာတော်မှ မြေနီကျောက်စရစ် ဖောကား ရှစ်စီးကျော်ဝယ်ပြီး လမ်းတစ်လျောက် ပျက်စီးနေသည့် နေရာများအား ဖြန့်ကျက်ချထားပေးကာ ရပ်ကွက်နေပြည်သူ (၁၅၀)ခန့်   လုပ်အားပေးလုပ်ကိုင်ပေးခဲ့ကြောင်း သိရကာ ဖောကားတစ်စီး ကျပ်သုံးသောင်း ပေးဝယ်ရကြောင်း သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)