နေပြည်တော် ဖေဖော်ဝါရီ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။
ပေါင်းစပ်ဆောင်ရွက်
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် ကွင်းအမှတ် ၁၄၁၆ နှင့် ၁၄၁၇ ကွင်းတို့တွင် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီဌာနမှ မြေအောက်ရေစက်ရေတွင်းများတွင် ဆိုလာဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေး လျာထားသည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ ကွင်းအမှတ် ၁၄၁၁ ၌ ရေကြီးနစ်မြုပ် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက်သီးနှံ ရေဆင်းစပ်မျိုး(၁) နေကြာသီးနှံစိုက်ခင်းသို့ ရောက်ရှိကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေကြီးနစ်မြုပ်ခဲ့သည့် မြေအောက်ရေတွင်းများ ပြန်လည်အသုံးပြုနိုင်ရေးကို စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေကြာစိုက်ခင်များတွင် ဝတ်မှုန်ကူးနိုင်ရန်အတွက် ပျားမွေးမြူရေးပုံးများ ချထားပေးရေးကို အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ ရေကြီးနစ်မြုပ်လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းနေသည့် ဆောင်းဆီထွက်သီးနှံ ရေဆင်းစပ်မျိုး(၁) နေကြာသီးနှံစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာရှိ ဦးမောင်ဝင်း ၏ ရွှေစွန်မင်း ပဲခွဲစက်နှင့် ဆီစက်သို့ရောက်ရှိပြီး ပဲခွဲစက်နှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှု စစ်ဆေး၍ ကုန်ကြမ်းများလုံလောက်စွာရရှိရေး၊ ဒေသတွင်း ဆီဖူလုံရေးအတွက် စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်