နေပြည်တော် ဒီဇင်ဘာ ၁၁
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်ဆရာ၊ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ကအဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်ဆရာ၊ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဇေယျာသီရီမြို့နယ်၊ ရှားစေးဖိုကျေးရွာ သက်စုံသုံးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာ စကားပြောကြားပြီး စက်ချုပ်နည်းပညာ သင်တန်းအတွက် ချီးမြှင့်ငွေများနှင့် သင်တန်းအသုံးပစ္စည်းများကို တာဝန်ရှိသူများနှင့် သင်တန်းသူများကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက်ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်