နေပြည်တော် ဩဂုတ် ၁
                      
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျင်းပသည့် မေထုန်မဲ့သားစပ် သင်တန်း (၁/၂၀၂၄/ နပတ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆)၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊  ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူရေးတောင်သူ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်   ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းတွင် အချိန်တိုအတွင်း ကြီးထွားနှုန်းမြန်၍ တွက်ချေကိုက်သော ဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များ မွေးမြူထုတ်လုပ်ရန်အတွက် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဝန်ထမ်းနှင့်အတူ လက်တွဲ လုပ်ဆောင်ကြမည့် ကျေးလက်အခြေပြု ဒေသခံ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို သင်တန်းပေးပြီး မွေးထုတ်ပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်း ပေးခြင်းဖြစ်ကြောင်း။

မေထုန်မဲ့သားစပ်လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်လာနိုင်ခြင်းဖြင့် ထုတ်လုပ်မှု အားကောင်းသော မျိုးကောင်းမျိုးသန့်များကို တိုးချဲ့မွေးမြူနိုင်ကြမည် ဖြစ်၍ ဒေသ စားသုံးမှု ဖူလုံရေး၊ ဒေသ၏ လူမှုစီးပွား တိုးတက်ရေးကို ထိရောက်စွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊မေထုန်မဲ့သားစပ်လုပ်ငန်းကို ကာလတိုသင်တန်းအဖြစ် အခမဲ့ပို့ချ ပေးခြင်းဖြစ်သော်လည်း ပညာရပ်အပေါ် တန်ဖိုးထားလေ့လာပြီး လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် နည်းပညာပြန့်ပွား ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း က သင်တန်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယခုသင်တန်းကို ဩဂုတ်(၁)ရက်မှ (၅)ရက်အထိ  ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေမှ မွေးမြူရေးတောင်သူ သင်တန်းသား သင်တန်းသူ (၁၀၀) ကို မေထုန်မဲ့သားစပ် လုပ်ငန်းသမိုင်း၊ နွားမျိုးများနှင့် ဆိတ်မျိုးများအကြောင်း၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မျိုးပွားမှုဆိုင်ရာရောဂါများ၊ တိရစ္ဆာန်ကိုင်တွယ် ထိန်းချုပ်ခြင်း၊ သန္ဓေအောင်မြင်မှုကို အကျိုးသက်ရောက်သောအချက်များ၊ ဇီးစမ်း သပ်ခြင်း၊ မျိုးနွားသိုးမွေးမြူ စောင့်ရှောက်ခြင်း၊ မျိုးပွားမှုဆိုင်ရာ အာဟာရဗေဒ၊ မေထုန်မဲ့ သားစပ်ကိရိယာပြင်ဆင်ခြင်းနှင့် မျိုးရည်ခဲချောင်း သိုလှောင် ထိန်းသိမ်းခြင်း၊ နွားမျိုးများ ဖြင့် မျိုးမြှင့်သားစပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ နည်းလမ်းများ၊ ဌာန၏ ဆောင်ရွက် နေသောလုပ်ငန်းများ၊ အမ မျိုးပွားအင်္ဂါ ခန္ဓာဗေဒနှင့် ဇီဝကမ္မဗေဒ၊ နွားနှင့်ဆိတ် အမမျိုးပွား အင်္ဂါစမ်းသပ်ခြင်းနှင့် မေထုန်မဲ့ လက်တွေ့သားစပ်ခြင်းစသည့် သင်ခန်းစာ များကို ပို့ချပေးသွားမည်ဖြစ်သည်။

အလားတူ ၂၀၂၄ ဇူလိုင်လအတွင်းက မိတ္ထီလာခရိုင်တွင်ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ် သင်တန်းတွင်လည်း သင်တန်းသား သင်တန်းသူ(၁၀၀)တက်ရောက်ခဲ့ကြပြီး အခြားသော တိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်ပေးသွားရန် စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်းစဉ်