နေပြည်တော်၊ ဩဂုတ် ၂၄  
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဩဂုတ် (၂၃) ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဒေသတွင်းရှိ ချောင်းမြောင်းများ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ချောင်းများ ဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံ အချို့ရေဝင်ရောက်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့နံနက်ပိုင်း၌ ပျဉ်းမနားမြို့တွင်း ငလိုက်ချောင်းနှင့် ဆင်သေချောင်း တစ်လျှောက် ရေစီးဆင်းမှု ၊ ချောင်းဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံအချို့ ရေဝင်ရောက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးမှုများအရ ငလိုက် ရေလှောင်တမံသည် ကန်ရေပြည့် သို့ရောက်ရှိရန် ၂ ပေခန့်လိုအပ်နေသေးကြောင်း သိရှိရပြီး ငလိုက်ချောင်းအတွင်း တိုက်ရိုက်စီးဝင်သည့် တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်းများမှ ရေစီးဆင်းမှုများပြားခြင်းကြောင့် ငလိုက်ချောင်း အောက်ပိုင်းရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ချောင်းဧရိယာအတွင်းရှိ လူနေအိမ်အချို့တွင် ရေဝင်ရောက် နစ်မြုပ်ခြင်းသာဖြစ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ဆင်သေချောင်းအပါအဝင် အခြားချောင်းငယ်များတွင်လည်း ရေစီးဆင်းမှု များပြားကြောင်း သိရှိရပြီး အဆိုပါ ရေစီးဆင်းမှုများမှာ ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းခြင်းကြောင့်မဟုတ်ဘဲ ဩဂုတ် (၂၃) ရက်၌ ဥတ္တရသီရိမြို့နယ်တွင် (၄ ဒသမ ၈၈) လက်မ၊ ပုဗ္ဗသီရိမြို့နယ်တွင် (၄ ဒသမ ၃၃) လက်မနှင့် အခြားမြို့နယ်များအတွင်း မိုးသည်းထန်ပြန့်နှံစွာ ရွာသွန်းခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း၊ နေပြည်တော်ဧရိယာရှိ အဓိကရေလှောင်တမံများ ဖြစ်သည့် ငလိုက်ရေလှောင် တမံတွင် ကန်ရေပြည့်ရန် (၂) ပေခန့်၊ ဆင်သေရေလှောင်တမံတွင် (၂၂) ပေခန့်နှင့် ရေဆင်းရေလှောင် တမံတွင် (၁၃) ပေခန့် လိုနေပြီး ပေါင်းလောင်းရေလှောင် တမံတွင်သာ ရေပိုလွှဲမှ (၅) ပေခန့် ရေကျော်စီးဆင်းလျက်ရှိကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်လျှက်ရှိသည့် ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်စီးဆင်းလာသော ရေများသည့် ပေါင်းလောင်းချောင်းမှ စစ်တောင်းမြစ်အတွင်းသို့ ပုံမှန်စီးဆင်းလျက်ရှိသဖြင့် ဒေသ၏ရေကြီးရေလျှံမှု ဖြစ်ပေါ်ရန်မရှိကြောင်း။
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယမန်နေ့ညနေပိုင်းနှင့် ညပိုင်းတွင် သည်းထန်ပြန့်နှံ့စွာရွာသွန်းခဲ့သည့် မိုးရေများ စီးဝင်မှုမှတဆင့် ချောင်းမြောင်းများ ယာယီရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရေများပြန်လည် လျှော့ကျလာလျက်ရှိကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရေလှောင်တမံများ အားလုံးကြံ့ခိုင်မှုကောင်မွန်ပြီး စိုးရိမ်ရန် အခြေအနေမရှိကြောင်း သိရသည်။
သတင်းစဉ်