နေပြည်တော် ဇူလိုင် ၁၀

 

ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာ ဖတ်ရှုနိုင်စေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန်၊ အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရား ကောင်းမွန်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေး ဒေါ်စံပယ်လွင်၊ နေပြည်တော်စာဖတ်ဝိုင်းမှ စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)က စာအုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

 

ထို့နောက် စာအုပ်လှူဒါန်းပွဲကို ကျင်းပရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ရှစ်တိုက်အတွက် စာအုပ် ၂၄ အုပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူထံ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၇၃ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၆၆ ကျောင်းနှင့် တိုင်းပညာရေးမှူးရုံးအတွက် စာအုပ် ၁၄၀ အုပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်ထံ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားသည့် “ငါသူဌေးဖြစ်မယ့် လူလား” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၊ စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ မောင်အောင်ဝေ (ညောင်ခြေထောက်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ နွေဦးကိုကို(နေပြည်တော်)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာ ရွှေပြည်စိုး(မိုးကုတ်)၊ စာရေးဆရာ ယုံလေး၊ ကာတွန်းအောင်ကျော်၊ စာရေးဆရာ အညာသားဗထူး၊ စာရေးဆရာ အောင်ဆွေထက် (ချွေးမတော်)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားသည့် “ငါသူဌေးဖြစ်မယ့် လူလား” စာအုပ်အား ဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ သုံးသပ်ဆွေးနွေးခဲ့ပြီး စာရေးသူ၏ ခံစားမှုရသများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

 

နေထက်ပိုင်(ပြန်/ဆက်)