နေပြည်တော်၊ ၁၄ ဒီဇင်ဘာ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်း အရေးကြီးနေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre အဆောက်အဦဖွင့်ပွဲကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ၌ ကျင်းပသည်။

 

ရှေးဦးစွာ Command and control centre အဆောက်အဦအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre တည်ဆောက်ရေး အကြံပေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ Linn IT Solution ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းထိုက်နှင့် နောင်ရိုး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးရဲဝင့်ထွဋ်တင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး Command and control centre အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၏ ရည်မှန်းချက်များအနက်မှ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ အကာအကွယ်ပေးမှုများ အပြည့်အဝခံစားခွင့်ရရှိစေရန် ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ဒေသဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ Safe City Project များအထိ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre တည်ဆောက်ရေးလုပ်ငန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် (၄၄၅၄ ဒသမ ၂၇)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း တင်ဒါကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ၊ အကြံပေးကော်မတီများဖွဲ့စည်းပြီး အရည်အသွေးပြည့်မီရေးကို စနစ်တကျ စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး နောင်ရိုး ကုမ္ပဏီလီမိတက်၊ Linn IT Solution ကုမ္ပဏီ၊ Huawei ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ Command and control centre တည်ဆောက်ရေးအကြံပေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့က ရှင်းလင်းတင်ပြကြပြီး Huawei ကုမ္ပဏီမှလှူဒါန်းသည့် Desktop Computer (၅)စုံနှင့် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရပစ္စည်းတို့ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ ပေးအပ်ကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက Command and control centre အတွင်း စက်ပစ္စည်းများတပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့၏ အရေးကြီးနေရာ (၉၇)နေရာတွင် CCTV ကင်မရာများတပ်ဆင်ရာ CIP Box Camera (၁၂၈)လုံး၊ Dome Camera (၉၇)လုံး၊ မော်တော်ယာဉ်နံပါတ်ဖတ်ရှုနိုင်သော ANPR (၁၀၀)လုံး၊ Face Camera (၁၀)လုံး စုစုပေါင်း (၃၃၅)လုံးတပ်ဆင်ခဲ့ပြီး ယခင်တပ်ဆင်ပြီးဖြစ်သည့် CCTV Camera (၁၃၅)လုံးတို့ကိုလည်း ယခုဖွင့်လှစ်ဆောင်ရွက်သည့် Command and control centre ဖြင့် ချိတ်ဆက်ကာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများနှင့် ဒုစရိုက်မှု ပပျောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)