နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှု ရာခိုင်နှုန်းပြည့်နီးပါးပြီးစီး

နေပြည်တော် အောက်တိုဘာ ၂၂

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက “ကျွန်တော်တို့ ရွှေကြာပင်ထဲမှာရှိတဲ့ လူဦးရေနဲ့ တွက်ရင်တော့ ရာခိုင်နှုန်းပြည်နီးပါး ထိုးပေးပြီးပြီ။ ဒါပေမယ့် ရပ်ဝေးက လာတဲ့ဧည့်သည်တွေ အလုပ် လာလုပ်ကြတဲ့သူတွေကိုပါ ထိုးပေးတာဆိုတော့ လက်ကျန်နည်းနည်းပဲရှိတော့တယ်။ တချို့ဆိုရင် ကားဝပ်ရှော့တန်းမှာ အလုပ်လာလုပ်ကြတဲ့သူတွေ စျေးဆိုင်တွေ၊ ဘဏ်တွေမှာရပ်ဝေးဒေသကနေ အလုပ်လာ လုပ်ကြတဲ့သူတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာဆိုတော့ ကိုဗစ်ကာကွယ်ဆေးထိုးလို့ ရရင် ထိုးချင်လို့ဆိုတာမျိုးတွေရှိတော့ ကျွန်တော်တို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆက်သွယ်ပြီး အကုန်ထိုးပေးနိုင်အောင် ကြိုးပမ်းပေးနေပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

 

ထို့ပြင် ၎င်းက “တချို့တွေကတော့ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီး အခု ဒုတိယအကြိမ်ကို အဲ့ဒီဒေသကိုပြန်သွားပြီး မထိုးနိုင်ကြတဲ့သူတွေရှိတယ်။ သူတို့တွေကလည်း ရပ်ကွက်ရုံးကိုလာပြီး ပြောကြတယ်။ ဒုတိယအကြိမ် ထိုးပေးလို့ရလားပေါ့။ အဲ့လိုလူတွေကိုလည်း ကျွန်တော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးနဲ့ဆက်သွယ်ပြီးတော့ ကာကွယ်ဆေးထိုးနိုင်အောင် ကူညီ ဆောင်ရွက်ပေးနေပါတယ်” ဟု လည်း ထပ်လောင်းပြောကြားသည်။

 

ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာ ၂၂ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးသူ စုစုပေါင်း (၃၅၀၀)ခန့်ရှိပြီး ပထမအကြိမ် ထိုးနှံပြီးစီး သူစုစုပေါင်း (၆၀၀၀) ကျော်ရှိကြောင်း သိရသည်။

 

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း အိမ်ထောင်စုပေါင်း (၃၀၀၀)ခန့်ရှိပြီး လူဦးရေ (၁၁၀၀၀)ကျော်ရှိကာ ရပ်ကွက်မူရင်း နေထိုင် သူများအပြင် မော်တော်ယာဉ်ပြင် အလုပ်ရုံတန်း ၊ ​ဂေါက်ကွင်းနှင့် ဘဏ်များရှိသဖြင့်ရပ်ဝေးမှ အလုပ်လာရောက် လုပ်ကိုင်သူများလည်း အများအပြားရှိကြောင်း သိရသည်။

 

(သတင်းစဉ်)